Tuesday, 29 March 2011

၉။ ဥဒါယီသုတ်


ဤသို့ အကျွန်ုပ် ကြားနာခဲ့ရပါသည်။

မြတ်စွာဘုရား ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဥဒါယီသည် လူပရိသတ်များစွာခြံရံ၍ တရားဟောနေသည်၊ အရှင်အာနန္ဒာသည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားသည်။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူပါသည် -

“အာနန္ဒာ !

သူတပါးတို့အား တရားဟောရန် မလွယ်ကူ၊ သူတပါးတို့အား တရားဟောလိုသူသည် တရား ၅-မျိုးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ ဟောကြားရမည်။

ယင်း ၅-မျိုးမှာ -

၁။ အစဉ်တကျ ဟောမည်ဟု လည်းကောင်း -

၂။ ကျိုးကြောင်းပြလျက် ဟောမည်ဟု လည်းကောင်း -

၃။ သနားကရုဏာစိတ်ဖြင့် ဟောမည်ဟု လည်းကောင်း -

၎။ လာဘ်ကို မငဲ့သော စိတ်ထားဖြင့် ဟောမည်ဟု လည်းကောင်း -

၅။ မိမိ, သူတပါး နှစ်ဦးသားကို မထိပါး မပုတ်ခတ်ဘဲ ဟောမည်ဟု လည်းကောင်း -

ဆောင် - အစဉ်တကျ၊ ကျိုးကြောင်းပြကာ၊ ကရုဏာထား၊ လာဘ်များ မကြိုက်၊ မထိခိုက်ဘဲ၊ စိတ်မှာ စွဲ၊ ဟောမြဲ တရားကို။

အစဉ်တကျ တရားဟူသည်မှာ - ဒါနကထာ, သီလကထာ, မဂ္ဂကထာ, ကာမာနံ အာဒီန၀ကထာ, နေက္ခမ္မေ အာနိသံသကထာ တို့ဖြစ်သည်။


ဆောင် - ဒါ, သီ, သဂ်, မဂ်၊ ကာ, နေက် စွက်၊ ခြောက်ချက် တရားစဉ်။

န၀မသုတ် ပြီး၏။

1 comment:

  1. ကျေးတောရွာလေးရဲ့ ဗုဒ္ဓမေတ္တာရိပ်လေးက အေးချမ်းပါတယ်။ တောသူမလေးရေ၊ စေတနာပန်းခင်းကိုလည်း လာလည်ဖို့ဖိတ်ပါတယ်နော်။ အေးချမ်းပါစေ။

    ReplyDelete