တစ်ခါက လွန်စွာနှမြောတတ်သော အမျိုးသမီးကြီးတစ်ဦးရှိလေရဲ့။ အမည်ကတော့ ဒေါ်စိန်သီးပါ။ သို့ပေမယ့် လူအများခေါ်တတ်သောအမည်မှာတော့ ဒေါ်ပေသီးတဲ့လေ။ အမည်နဲ့လိုက်ဘက်အောင် စိန်တွေသီး နေသော်လည်းလူအများခေါ်ဆိုကြတဲ့အတိုင်း ပေသီးကြသည် မှာလည်း ငြင်းဆို၍ မရပေပြီ။
“ ဒေါ်ပေသီး …. အဲလေ… ဒေါ်စိန်သီး ဘယ်ကပြန်လာတာတုန်းတော့။ မျက်နှာလည်းမကောင်းပါလား။
ခြေထောက် ကလည်းထော့နဲ့ ထော့နဲ့ နဲ့ ဘာဖြစ်လာတာတုန်း တော်ကလည်းအေ။ ” လမ်းထိပ် ကုန်စုံဆိုင်မှ ဒေါ်ဘုမ ကစ၍ စကားဆိုခြင်းဖြစ်ပါတယ်။
“ အိုအေ… ကျုပ် မပြောချင်ပါဘူးတော်။ အလှူအိမ်သို့ ကြွကြပါဗျို့ ဆိုပြီး ဦးထိပ်ခေါင်တို့အိမ်မှာ သူတို့သမီးကလေး တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ (၃) ဘာသာဂုဏ်ထူးနဲ့အောင်လို့ဆိုပြီးအလှူလုပ်တာလေ။ အဲဒါ ကျုပ်ကိုလာဖိတ်လို့ပါအေ။ သိပ်တော့လည်းမသွားချင်ပါဘူး။ ” ဟု ဒေါ်စိန်သီးပြောဆိုနေတုန်း….
“ အင်းလေ… မသွားချင်ဘူးဆိုတာကတော့ ဟုတ်ချင်ဟုတ်မှာပါ။ ဒါပေမဲ့ အလကားစားရတာဆိုတော့ သွားဖြစ်အောင်သွားခဲ့တာပဲဖြစ်မယ်။ ဒါပေမဲ့ အလကားစားလာရတာတောင် မျက်နှာက မသာမယာနဲ့ဆိုတော့ တစ်ခုတော့ တစ်ခုပဲ…” ဒေါ်ဘုမ စိတ်ထဲမှ တစ်ဦးတည်းရေရွတ်မိခြင်းပါ။
“ ဒါပေမဲ့လည်းမျက်နှာပျက်စရာမဖြစ်ရလေအောင် ကျုပ်ဒီနေ့နေ့လည်စာလည်း မချက်အားတာနဲ့ သွားလိုက်မိပါတယ်အေ။ ကျွေးတာကတော့ ဒံပေါက်နဲ့ အအေးရယ်၊ ရေခဲမုန့်လည်းပါသေးသပါ့။ စားလို့မြိန်လွန်းလို့ ကျုပ်လည်းအားရပါးရစားမိပါတယ်။ အဲဒီအချိန်အထိ အကုန် အိုကေမှာစိုပြေပဲဟေ့။ အဲ… အပြန်မှာပေါ့။ ကျုပ်လည်းစားပြီးသောက်ပြီး ဦးထိပ်ခေါင်တို့မိသားစု ကို နှုတ်ခွန်းဆက်ကာ ပြန်မယ်လည်းအလုပ် ဖိနပ် … စီးစရာ ဖိနပ် မတွေ့တော့ဘူးဟေ့။ ကျုပ် ရှက်လည်းရှက်၊ ဒေါသလည်းဖြစ်နဲ့ အိမ်ရှင်တွေကိုလည်းအားနာ… ဒီလိုနဲ့ပဲ အခုလိုအိမ်ရှင်တွေပေးလိုက်တဲ့ ဖိနပ် ကိုစီးခဲ့ရတော့တာပါပဲ။ ကျုပ် နှမြောလိုက်တာအေ။ ”
“ အော် ဒီလိုလား။ ဒါနဲ့ ဒေါ်စိန်သီးရဲ့ဖိနပ်ကတော်တော်ဈေးကြီးတယ်နဲ့တူတယ်။ ဘယ်လောက်တန်လို့လဲတော့။” ဒေါ်ဘုမ ကလှမ်း၍ အမေး…
ဒေါ်ပေသီး ဖြေလိုက်ပုံမှာ “ အို…အေ…. ကျုပ်ကနှမြောဆို လွန်ခဲ့တဲ့ ခြောက်လကျော်လောက်ကမှ ကျုပ်ဈေးပွဲတော်သွားတုန်း ငွေ ခုနစ်ရာ ပေးပြီးဝယ်ထားရတာတော့။ သွားပြီဟေ့ ပြောရင်းနဲ့စိတ်မကောင်းဖြစ်လွန်းလို့ပါအေ။ ”
“ အော် ဒေါ်ပေသီးတို့များ နာမည်နဲ့လိုက်အောင်ပေသီးကျလိုက် ပုံများ လက်ဖျားခါလောက်တယ်အေ။ အလှူအိမ်က ပေးလိုက်တဲ့ဖိနပ်ကမှ အကောင်းစားကြီး။ ”ဟု ဒေါ်ဘုမ တစ်ယောက်အံ့သြလွန်း၍ ပြောဆိုမိခြင်းဖြစ်ပါတယ်။
ထိုအချိန်မှာပင် “ ဟဲ့ မအံ့သြလေနဲ့ဟေ့ ဒါကရိုးသေးတယ်။ ဒီထက်ဆန်းတဲ့ အဖြစ်အပျက်ပြောပြအုံးမယ်ဟေ့ ” ဆိုက္ကားသမား ကိုဘမောင် ကပြောဆိုခြင်းတည်း။
“ဘာတုန်းဟဲ့ နင့်ဟာက အစမရှိ၊ အဆုံးမရှိနဲ့ပါလား”ဒေါ်ဘုမလည်း ကြောင်တောင်တောင်ဖြစ်ကာ လှမ်း၍ဆိုလေသည်။ ဒါကြောင့် ကိုဘမောင် လည်းရှင်းပြရလေတော့သည်။
“ဒီလို အဒေါ်ရဲ့။ စောစောက အဒေါ်ပဲ ဒေါ်ပေသီး အကြောင်းစဉ်းစားနေတာ မဟုတ်လား။ ဒါက ရိုးသေးတယ်ဗျ။ ဒေါ်ပေသီးတို့များ ပေသီးသာကျတယ်။ ခေတ်တော့ မှီသားဗျ။ မနေ့ တစ်နေ့ ကပေါ့ဗျာ။ ကျုပ်ရဲ့ဆိုက္ကားကို ငှားစီးပြီး ကျုပ်ကို အကူအညီတောင်းတယ်လေ။ ဘာများဖြစ်မယ်ထင်သလဲ။ ကျုပ်ကို သူ့ရဲ့ မောင်အိမ်ကို လိုက်ပို့ခိုင်းပြီး သူ့မောင်ဆီက ရ,ထားတဲ့ ကွန်ပျူတာလို့တော့ ပြောတာပဲ။ ကျုပ်ကတော့ သေးသေးလေးပဲတွေ့တယ်ဗျ. အဲဒါ သူပြောတာကြားတာတော့ လက်တော ဆိုလား ဘာဆိုလား အဲ ဟုတ်တယ် ကျုပ်ကြားတာ လက်တော့ (Laptop) တဲ့။ အဲ ကျုပ်လည်းမမြင်ဘူးတော့ စပ်စုမိတာပေါ့။ သူပြောတာတော့ အခုခေတ်မှာ အားလုံး လက်တော အဲလေ လက်တော့ ဖြစ်နေပြီဆိုတော့ သူလည်းလိုအပ်တယ်တဲ့။ အပျိုကြီး ဘယ်မှာ သုံးမှာလည်းတော့ မသိပါဘူးအေ။ အဲတာ ၀ယ်တယ်လို့ မထင်လိုက်နဲ့နော်။ သူ့မောင်ဆီက တောင်းထားလို့ သူ့မောင်ကလည်း သိပ်မကောင်းလို့ မသုံးတော့တဲ့ အဟောင်းကြီးကို ပေးတာဆိုပဲ။”
“အော် နင့်ဟာကလည်းဘာထူးလို့တုန်းဟ။” စိတ်မရှည်တော့တဲ့အသံနဲ့ ဒေါ်ဘုမ မေးခြင်းပါ။
“ပြောမယ်လေဗျာ။ ဒီလိုနဲ့ ကျုပ်လည်းဒေါ်ဘုမ နဲ့ လက်တောကြီး အဲလေ လက်တော့ ကြီးကို မပြုတ်ကျရလေအောင် အန္တရယ်ကင်းကင်းနဲ့ အိမ်အရောက် ပြန်ပို့နေတုန်းမှာပဲ အကွေ့တစ်နေရာရောက်တော့ ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့မောင်းလာလို့ ကျုပ်လည်း မတိုက်မိအောင် အမြန်ရှောင်ရှားလိုက်ရတယ်ဗျား။ အဲလေ… ကံကောင်းချင်တော့ အဲဒီကားနဲ့ မငြိမိပါဘူး။ သို့ပေမဲ့ ကံဆိုးချင်တော့ ကျုပ်ဆိုက္ကားက ခဲလုံးတစ်လုံးနဲ့တိုက်မိပြီး ဘီးလိန်သွားကာ မှောက်သွားလေရဲ့ဗျာ။”
ဒေါ်ဘုမ တစ်ယောက် နားထောင်နေရာမှ အလွန်စိတ်ဝင်စားကာ “ဟင် … ဟဲ… ဒါ . ဒါ ဆို ဒေါ်ဘုမနဲ့ လက်တောကြီးကော… ပြောပါဦးဟဲ့ မြန်မြန် ”
ကိုဘမောင်လည်း ရေနွေးကြမ်းတစ်ခွက်ကို မြန်မြန်မော့ ကာ “ အဲဒါပြောတာပေါ့။ ကျုပ်လည်း ရုတ်တရက်ထူပူသွားပြီး သတိတစ်ချက်လွတ်သွားတယ်ဗျ။ သတိဝင်လာတဲ့အချိန်မှာတော့ ကျုပ်ကလမ်းပေါ်မှာ လဲကျနေပြီလေ။ ခတ္တ ခဏနေတော့မှ ကျုပ်ဆိုက္ကားကို လှမ်းကြည့်လိုက်တော့ ဆိုက္ကားလဲမှောက်လျက် ဒါပေမဲ့ ဘာမှတော့ မပျက်စီးသွားပါဘူး။ အဲ နောက်တော့ မိန်းမကြီးတစ်ယောက် လက်နှစ်ဖက်မြှောက်ကာ မှောက်ရက်သားဖြစ်နေတာကို တွေ့ရလေရဲ့။ ဒီတော့မှ အသိပြန်ဝင်လာတာက ဒေါ်ပေသီးနဲ့ လက်တော့ ကြီး။ ဒီတော့ ကျွန်တော်လည်း သူ့ကိုကူည်ီဖို့ပြေးအသွား လက်တော့ ကြီးကို လက်နှစ်ဖက်နဲ့မြှောက်ကာ မှောက်ရက်လှဲ နေသောဒေါ်ဘုမ ပြောလိုက်ပုံမှာကား …”
“ဟေ့ ကျန်တာတွေ ထိရင်ထိပါစေ။ လက်တော့ ကိုတော့မထိစေနဲ့ဟေ့။ ”
“ အော် …. ဒါကြောင့် ခုနကတွေ့တော့ သူ့ရဲ့ခြေထောက်ကထော့နဲ့ထော့နဲ့ ဖြစ်နေတာကိုး။ ” အခုမှ ဒေါ်ဘုမ တစ်ယောက် ဒေါ်ပေသီး အကြောင်းကို ဇာတ်ရည်လည်သွားလေတော့သတည်း။
ဒေါ်ပေသီးတို့များ မိမိ အသက်ကို ပဓာန မထားပဲ လက်တော့ကြီးကို ကာကွယ်လိုက်ပုံများ……….." မထိစေနဲ့ "…………….ဆိုပါလား။
အားလုံးပျော်ရွင်ပါစေ
No comments:
Post a Comment