Saturday, 31 July 2010

စေတီဆိုတာ ဘာလဲ ?

စေတီဆိုတဲ့ ဝေါဟာရက စေတိယဆိုတဲ့ ပါဠိစကားလုံးကို မြန်မာမှုပြုထားတဲ့ ပါဠိသက်ဝေါဟာရ ဖြစ်တယ်။ မှုရင်းပါဠိ စေတိယရဲ့ အဓိပ္ပာယ်ကတော့ ပူဇော်စရာပစ္စည်း၊ ပူဇော်ပသရာ နေရာလို့ အဓိပ္ပာယ် ရတယ်။ ဘုရားရှင် လက်ထက်တော်မှာ ဘယ်စေတီမှာ ဘာတရားဟောတယ်ဆိုတာဟာ အဲဒီခေတ်က လူတွေ ပူဇော် ပသနေကြတဲ့ နတ်ကွန်းတွေကို စေတီလို့ ခေါ်ထားတာ ဖြစ်တယ်။ အဲဒီအချိန်အခါမှာ ဘုရားရှင်ရဲ့ ကိုယ်စား အုတ်ကျောက် သံတွေနဲ့ တည်ထားကိုးကွယ်တဲ့ စေတီဆိုတာမရှိသေးဘူး။ ဗုဒ္ဓသက်တော်ထင်ရှား ရှိတော်မှုစဉ်မှာ ရံဖန်ရံခါ မိမိရှေ့တော်မှောက်တွင် ပရိနိဗ္ဗာန်ပြုတော်မှုတဲ့ သာဝကတွေရဲ့ ဓာတ်တော်တွေကို စေတီတည်ထားစေတော်မှုတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အခါမှာတော့ ဘုရားရှင်ရဲ့ စေတီ (၄)မျိုးနဲ့ ရှေးခေတ် ကိုးကွယ်ခံပစ္စည်း၊ နတ်၊ ဗြဟ္မာတွေနဲ့ နတ်ကွန်းတွေကို စေတီလို့ ခေါ်ခဲ့ကြတယ်။


ဒါပေမယ့် ဝေါဟာရတစ်ခုဟာ ကာလ ဒေသ အခြေအနေအလိုက် အဓိပ္ပာယ် ပြောင်းလဲတတ်တဲ့ သဘောအရ မြန်မာလူမျိုးတွေဟာ အုတ်၊ ကျောက်၊ သဲ၊ အင်္ဂတေတွေနဲ့ အထက်ကို ချွန်ချွန်တည်ထားတဲ့ အဆောက်အုံ စေတီတွေကိုမှ စေတီလို့ ခေါ်တယ်။ ကျန်စေတီ(၃)မျိုးကို စေတီလို့ မခေါ်ကြတော့ဘူး။ မြန်မာပြည်မှာတော့ နတ်ကွန်၊ ဓမ္မာရုံတွေကိုလဲ စေတီလို့မခေါ်ကြတော့ပါဘူး။

No comments:

Post a Comment