Friday, 27 August 2010

အနန္တဂုဏ်ရည် သိမှတ်ဖွယ်များ



ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့၏ အနန္တကျေးဇူးဂုဏ်ကို ဤ၌ အကျယ်ထပ်မံ ပြဆိုရန်မလိုပေ၊ သက်ဆိုင်ရာ ဂုဏ်တော်အခန်းတို့၌ ပြဆိုခဲ့သည့်အတိုင်း အာရုံပြုလျက် ရှိခိုးကန်တော့ရမည်။ ဆင်ခြင်အောက်မေ့ကာ ပွားများရမည်။



ဤ၌ မိဘနှင့် ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကိုသာ ဆင်ခြင် နှလုံးသွင်းနိုင်ရန် ဖော်ပြပါမည်။ မိဘတို့၏ ကျေးဇူးကို “မြင်မိုရ်တောင်ဦး မကကျူး” ဟု ပြောစမှတ်ပြုကြသော်လည်း ကျေးဇူးကို တကယ်သိ၍ ပေးဆပ်နိုင်သူကား ရှားလှပေ၏။



မိဘတို့ အသက်ထင်ရှား ရှိစဉ်အခါ ရာသီအလိုက် အ၀တ်အစား နေရာထိုင်ခင်း စီမံပေးခြင်း၊ ခြေဆုပ်လက်နယ် ပြုပေးခြင်း၊ မိဘတို့စကား နားထောင်ပြီး မိဘများ စိတ်ချမ်းသာအောင် နေထိုင်ပြခြင်း၊ ခရီးဝေးနီးသွားရန်ရှိသောအခါ ဦးချ ကန်တော့သွားခြင်း၊ ပြန်လာလျှင်လည်း တန်ဖိုးနည်းများမဆို လက်ဆောင်ပစ္စည်း စားသောက်ဖွယ်များဖြင့် ဦးချကန်တော့ခြင်း ပြုလုပ်ဖော်ရလျှင်ပင် ကျေးဇူးကြွေး မကျေသော်လည်း မိဘတို့အဖို့ အားဆေးများ အသက်ရှည်ဆေးများပင် ဖြစ်ပေသည်။ နေ့စဉ် အိပ်ရာဝင် အိပ်ရာထ ဦးချကန်တော့ခြင်းသည်လည်း ကျေးဇူးသိခြင်းပင် မည်၏။



အချို့ကား “ပစ္စည်းရှိလာမှ ထိုက်ထိုက်တန်တန် ကန်တော့မည်” ဟု ယူဆထားကြ၏။ မိမိမြှော်မှန်းသည့်အတိုင်း ပစ္စည်းရှိလာသောအခါ မိဘတို့ ကွယ်လွန်ကုန်ကြလေပြီ၊ ပစ္စည်းရှိမှသာ မိဘတို့အား ကျေးဇူးဆပ်နိုင်သည်မဟုတ်၊ ရသမျှ ရှိသမျှနှင့် ယနေ့ ပြုစု ကျွေးမွေးဖြစ်ဖို့က အရေးကြီး လေသည်။ အဇာတသတ်လိုပင် နောင်တကြီးစွာ ဖြတ်တတ်သည်။

No comments:

Post a Comment