ရဟန်းခံပွဲ၊ ပဉ္စင်းခံပွဲမှာမှု ရဟန်းသံဃာတော်တို့၏ အရေးကြီးဆုံး ပွဲပင်ဖြစ်သည်။ ရဟန်းလောင်းကို ပထမဦးဆုံး ရှင်သာမဏေ၀တ်ပေးရသည်။
ထို့နောက် သိမ်ဝင်ကြသည်။ သိမ်ထဲတွင် သံဃာတော်အနည်းဆုံး ငါးပါးရှိမှ ရဟန်းခံပွဲ ပြုလုပ်အောင်မြင် နိုင်သည်။ ရဟန်းခံရာတွင် ရဟန်းလောင်း သုံးပါးထိသာ တကြိမ်တည်း ရဟန်းခံယူနိုင်သည်။ စွမ်းဆောင်နိုင်သော သံဃာတော်တစ်ပါးပါးက သံဃာထံပါးမှ နှစ်တောင့်ထွာ၏ အပြင်ဘက်အရပ်တွင် ရပ်နေသော ရဟန်းလောင်းကို သွားရောက်ဆုံးမသည်။
ထို့နောက် သံဃာထံသို့ ပြန်လာစေရန် ခေါ်ယူပြီး သံဃာတော်များကို ရှိခိုးခိုင်းသည်။ ဆောင့်ကြောင့်ထိုင်လက်အုပ်ချီ၍ နေစေသည်။ သံဃာတော်တို့က ဉတ္တိစတုတ္ထကမ္မ၀ါစာကို ပီသစွာ ရွတ်ဖတ်တော်မှုကြသည်။ သံဃာတော်တို့ သုံးကြိမ် ကမ္မ၀ါစာရွတ်ဖတ်ပြီးသောအခါ မြင့်မြတ်သော ရဟန်းဘ၀သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဥပဇ္ဈာယ်ဆရာ၊ ကမ္မ၀ါစာဆရာ၊ ကာရကသံဃာအရေအတွက်၊ သိမ်၊ မြို့ရွာနယ်ပယ်နှင့် ရဟန်းဖြစ်သော နှစ်၊ လ၊ ရက်၊ နာရီ တိတိကျကျ မှတ်တမ်းတင်၍ သာသနာဝင်အဖြစ် ရေးမှတ်ကြသည်။ သိမ်ဆင်းသောအခါ အလှူရှင်တို့က လှူဖွယ်ဝတ္ထုတို့ကို လောင်းလှူကြသည်။ ဤသည်တို့မှာ မြန်မာ့ယဉ်ကျေးမှု အစဉ်လာ ရှင်ပြုရဟန်းခံမင်္ဂလာပွဲပင် ဖြစ်သည်။
No comments:
Post a Comment