Wednesday, 13 October 2010

ရှင်ဥပဂုတ္တ မန္တန်တော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

ရှင်ဥပဂုတ္တ မန္တန်တော် ဖြစ်စဉ်
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် ပြုပြီး နှစ်ပေါင်း ၂၀၀-ကြာသောအခါ ရာဇဂြိုဟ်မြို့တော်အနီး မြစ်ကြီး အတွင်းမှ အလွန်လှပကြီးမားသော ငါးကြီး တစ်ကောင်ကို တံငါများ မိလေရာ ကုန်းပေါ်သို့တင် အသက်မရှင် သေသွားသော်ငြား ၀မ်းဗိုက်မှာ ဖောင်းချည် ပိန်ချည် လူပ်ရှားသဖြင့် ထူးဆန်းလှသည်ဟု ယူဆကကာ ရာဇဂဟ ပြည့်ရှင် ဘုရင်အား ဆက်သကြသည်။

ဘုရင်မင်းမြတ်သည် ငါးကြီး ၀မ်းဗိုက်ကို ကြည့်၍ မူးမတ်များအား ပြသရာ ပညာရှိ အမတ်ကြီးတစ်ဦး၏ အကြံအရ ကျောဘက်မှ နေ၍ ငါးသေကြီးအား ခွဲခြလိုက်ရာ ၀မ်းဗိုက်အတွင်းမှ ငယ်ရွယ်နုနယ် ချစ်စဖွယ်သော လူသား မနုဿသမီးလှကညာကို တွေ့ရှိကြရလေသည်။

သားသမီးရတနာ မထွန်းကားသော ပြည့်ရှင်မင်းကြီးသည် ၀မ်းမြောက်ဝမ်းသာ ယုယပိုက်ချီလျက် သမီးတော်ရင်း အဖြစ် ပင်တိုင်တော်နှင့်ထားကာ အခြွေအရံများဖြင့် ခံစားစေလေသည် အမည်တော်ကိုလည်း “မစ္ဆဒေ၀ီ”ဟု ရွှေဘွဲ့တော် ချီလိုက်လေသည်။

ပင်တိုင်စံ မစ္ဆဒေ၀ီ ၁၆-နှစ်အရွယ်သို့ ရောက်သောအခါ ခန္ဓာကိုယ်မှ ငါးညှီနံ့များ ပေါ်ထွက်လာလေ သဖြင့် မွှေးကြိုင်သော နံ့သာ အမျိုးမျိုးတို့နှင့် ဖုန်းနယ် ခြယ်သ လိမ်းသော်လည်း မရ၊ တစ်နန်းတော်လုံး အသက်မရူနိုင် ဖြစ်လာသဖြင့် ခမည်းတော် ဘုရင်ကြီးမှာ သမီးတော်ကို ချစ်လျက်နှင့်ပင် မသိုးထမင်း-မသိုးဟင်းများနှင့် တကွ ဖောင်ပေါ်တင်၍ ရေယာဉ်ကြောမှာ မျှောလွတ်လိုက်ရလေတော့သည်။

မစ္ဆဒေ၀ီ ချောမောလှပသော သတင်းအရ မြစ်ကမ်း တစ်လျှောက် မင်းညီမင်းသားများက ဖောင်တော်ကို ဆယ်ယူကြသော်လည်း ငါးညှီနံ့ကြောင့်ပင် မသိမ်းပိုက်နိုင်ကြတော့ဘဲ ဆက်လက် မျှောလွတ်ကြရလေသည်။

မြို့ပြ ပြည်ရွာနှင့် ဝေးစွာ မျောပါလာသော ဖောင်တော်မှာ ဥပရသေ့ကြီး တရားအားထုတ်ရာ တောအုပ် အတွင်း ရေစပ်ရှိ ရသေ့ကြီး၏ ကမ္မဋ္ဌာန်း “တဲကျောင်း” ကို ဦးတိုက် ဆိုက်ကပ်မိလေတော့သည်။

ထိုသို့ ဆိုက်ကပ်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းလှစွာ ငါးညှီနံ့ များပျောက်ပြီး ခန္ဓာကိုယ်မှ ကြာညိုနဲ့များ သင်းလာလေတော့သည်။

မစ္ဆဒေ၀ီသည် ကမ္မဋ္ဌာန်းတရား အားထုတ်နေသော ဥပရသေ့ကြီးအား ၀င်ရောက်ဖူးမြော်ကာ မိမိ၏ အဖြစ်ကို လျှောက်ထားလေသည်။ ဥပရသေ့ကြီးလည်း သတ္တ၀ါတိုင်း၏အပေါ်၌ ကရုဏာထားရမည့် သူတော် သူမြတ်တို့၏ ၀သီတော်အတိုင်း သစ်သီးဝလံများ ရှာဖွေကျွေးမွေးကာ စောင့်ရှောက်ထားလေသည်။

ကာလ အတန်ကြာသော အခါ မစ္ဆဒေ၀ီသည် မည်သည့် ယောက်ျား တစ်ဦးတစ်ယောက်နှင့်မျှ မဆက်ဆံရဘဲ နူတ်ပိုက် ကိုယ်ဝန်တည်ကာ သန္ဓေတော် ခ,လေသဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ ဥပရသေ့ကြီးအား လျှောက်ထားလေသည်။

ရသေ့ကြီးက “ချစ်သမီးတွင် ရှေးက အတိတ်ကံ ပါရမီတစ်ခုခုကြောင့် ပဋိသန္ဓေ စွဲဟန်တူသည်၊ မစိုးရိမ်လင့်- ငါစောင့်ရှောက်အံ့၊ ကျန်းမာမူကိုသာ ဂရုပြုလေ” ဟု အားပေးစကား မိန့်ကြားလေသည်။

ချိန်ခါစေ့ကြောက် ဆယ်လ မြောက်သောအခါ သားရတနာကို ဖွားမြင်လေသည်။ ဥပရသေ့ကြီး စောင့်ရှောက်မွေးမြူ ထားခြင်းကြောင့် “ဥပဂုတ္တ” သတို့သားဟု အမည်တွင်၏။

ဥပဂုတ္တ သတို့သား ခုနှစ်နှစ် အရွယ်တွင် ဥပရသေ့ကြီး သင်ပေးထားသော ခန္ဓာငါးပါး၏ ဖြစ်ပျက် ဘာဝနာ ရူနေခိုက် ကောင်းကင်မှ သာသနာတော်စောင့် နတ်မင်းကြီး တစ်ပါးက ဆင်း၍ ပွေ့ယူသွားပြီး ကောင်းကင်မှ မြေပြင်သို့ လွှတ်ချလိုက်လေသည်။

ခန္ဓာငါးပါး ဖြစ်ပျက်တရားကို ရူမှတ် ဆင်ခြင်နေသော ဥပဂုတ္တသတို့သားမှာ အခြားတစ်ပါးသို့ အာရုံ မပြန့်လွင့်ဘဲ သာမာဓိမပျက် အားထုတ်လိုက်နိုင်သောကြောင့် မြေပြင်မရောက်မီမှာပင် အာသဝေါကုန်ခန်း ရဟန္တာ အဖြစ်သို့ ရောက်ရှိတော်မူလေသည်။

ဘုန်းကံ အလျောက် ပေါ်ပေါက်လာသော သမုဒ္ဒရာအတွင်းမှ ကြေးပြာသာဒ်တွင် သီတင်းသုံးတော်မူလေသည်။

နောင် နှစ်ပေါင်း ကြာသောအခါ သီရိဓမ္မာသောက မင်းကြီး၏ မဟာ အသဒိသ အလှူတော်မင်္ဂလာတွင် မာရ်နတ်၏ နှောင့်ယှက်ဖျက်ဆီးမူကို တားမြစ်ရန်မထေရ်ကြီးများက တာဝန်ပေးအပ်ခြင်းခံရသော အရှင်ဥပဂုတ္တ အရှင်မြတ်က ဆန်းကြယ်သော တန်ခိုး အမျိုးမျိုးဖြင့် ဖန်ဆင်း ခုခံ၍ သီရိဓမ္မာသောက မင်းကြီး၏ အလှူတော် မင်္ဂလာကို အောင်ပွဲခံစေနိုင်သည်က စ၍ ရှင်ဥပဂုတ္တ မန္တန်ဂါထာတော် ဟု ဖြစ်ပေါ် ရွတ်ဆို ပွားများခဲ့ပါသည်။

ရှင်ဥပဂုတ္တဂါထာပါဠိ

၁။ ဥပဂုတ္တော မဟိဒ္ဓိကော၊ သမ္ဗုဒ္ဓေန ၀ိညာဂတော။
မာရဉ္စ မာရဗလဉ္စ၊ ဒမေဿတိ အနာဂတေ။

၂။ မမသီသေ ပတိဋ္ဌိတော၊ မာရေနာ သုဏိတံ ကတွာ။
အန္တရာယော ၀ိနဿန္တု၊ အဟံ ၀န္ဒေ ဣဒါနေ၀။

၃။ ဥပဂုတ္တံ မဟိဒ္ဓိကံ၊ ရာဇတော ၀ါ ဥပဒ္ဒဝေ။
သောကရောဂါ ၀ီရောဓာယ၊ ပရိတ္တံ ဇယမင်္ဂလံ။

၎။ တာဒိသော ထေရော မာရေန၊
ဇိနတံ ကတွာ စ သဗ္ဗေ။ အန္တရာယော
ဝိနဿန္တု၊ ဣဒါနေ၀ ဥပဂုတ္တော၊ မဟိဒ္ဓိကော။
ယံ ယံ ဥပဒ္ဒ၀ံ ဇာတံ၊ ၀ိဒ္ဓံသေတု အသေသတော။

ရှင်ဥပဂုတ္တ မန္တန်တော်မြတ် ရွတ်ဖတ်ရခြင်း၏အကျိုး
ရှင်ဥပဂုတ္တ အရှင်မြတ်၏ ဂါထာ ပရိတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ် သရဇ္ဈာယ် ပွားများခြင်းအားဖြင့် ကိုယ်တွင်းကိုယ်ပ နှစ်ဌာန၀ယ် ငြိတွယ်စေတတ်သော ဘေးအန္တရာယ်များ ကင်းရှင်းခြင်း၊ ရန်သူကို မိမိက အောင်နိုင်ခြင်း၊ သူတစ်ပါးတို့ မိစ္ဆာဇီဝ ပညာဖြင့် ပြုစား သတ်ဖြတ် နှိပ်စက်တတ်သော မယောဂများ ကိုယ်ဝယ် မထိရောက် ပျောက်ပြယ်လွင့်စင်စေခြင်းနှင့် တောင်းသော ဆုများပြည့်ဝစေသော အကျိုးတရားများကို ခံစား စံစား စေနိုင်ပါသည်။

အထက်ဖော်ပြပါ ရှင်ဥပဂုတ္တ မန္တန်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment