Thursday, 14 October 2010

သဗ္ဗဇယမင်္ဂလာ ဂါထာတော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

သဗ္ဗဇယမင်္ဂလာ ဂါထာတော်ဖြစ်စဉ်
ဤသဗ္ဗဇယမင်္ဂလာ ဂါထာတော် ဖြစ်ပေါ်လာပုံမှာ ဤသို့ ဖြစ်ပါသည် -

မြတ်စွာဘုရား သာဝတ္ထိပြည် ပုပ္ဖာရုံကျောင်း မိဂါရမာတု ပြသာဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍ ဘုရားရှင်သည် ဤဂါထာကို ဟောကြားတော်မူပါသည်။

အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ ညနေ ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်း ယွန်းမည့် ဆဲဆဲ နေ အရောင်၏ တင့်တယ်မူနှင့် အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏ အရောင်အဆင်း တင့်တယ်မူတို့ကို တွေ့မြင်၍ နှစ်သက်မူ ပီတိ ဖြစ်နေပါသည်။

ထိုသို့ အာရုံခံစားမူဖြစ်နေစဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာ မင်းမြောက်တန်ဆာ ၀တ်ဆင်လာပြီး ပန်းနံ့သာ စွဲကိုင်လျက် ဘုရားရှင်ထံ ရှေးရူလာနေသော ပသေနဒီ ကောသလမင်းကြီး၏ တင့်တယ်မူကို မြင်ရ၍ လည်း နှစ်သက်မူ ပီတိ ဖြစ်ရပြန်သည်။ ထို့ပြင်-အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် ဈာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများတောက်ပ ထွန်းပေါ်နေသည်ကို ဖူးမြင်ရပြန်ရာ နှစ်သက်မူပီတိ ဖြစ်ရပြန်လေတော့၏။

ထို့နောက် အရှင်အာနန္ဒာသည် အဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်းတောက်ပခြင်းမှာ အထက်ဖော်ပြပါ နေမင်း လမင်း စသည်တို့၏ ထွန်းပ တင့်တယ်ခြင်းကို သာလွန်လွှမ်းမိုးထူးကဲကြောင်း ဖူးတွေ့ရသဖြင့် အကြောင်းအကျိုး ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အထက်ပါ ဒိဝါတပတိအား လျှောက်ထားရာ သဗ္ဗဇယမင်္ဂလာ ဂါထာတော်ကို ဟောကြားတော်မူသည်မှ စ၍ ဤဂါထာတော် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

သဗ္ဗဇယမင်္ဂလာဂါထာပါဠိ
ဒီဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာ နုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

သဗ္ဗဇယမင်္ဂလာ ဂါထာတော် ရွတ်ဖတ်ရခြင်း၏ အကျိုး
ဤဂါထာတော်ကို လာဘ်ရွှင် ဂါထာတော် ဖြစ်ကြောင်း၊ ပညာရှင်များ အသိအမှတ်ပြုခဲ့ကြသည်။ သီဟိုဠ်ကျွန်း ဘာတိက မင်းကြီးသည် သူ့အမတ် တစ်ဦးအား ရတနာသုံးပါးနှင့် စပ်သော ဇယမင်္ဂလာမည်သော ဂါထာတစ်ပုဒ် ဖော်ထုတ်ရွတ်ဆို ချီးကျူးပြပါဟု တောင်းပန် တိုက်တွန်းချက်အရ အမတ်ကြီးသည် ပိဋကတ်ကျမ်းစာပေမှ ရှာဖွေထုတ်နုတ်ကာ လက်အုပ်ချီလျက် ဤ ဒိဝါတပတိ ဂါထာတော်ကို ရွတ်ဆို ချီးကျူးပြလေသည်။

မင်းကြီးသည် သူ့ အမတ်ကြီး ရွတ်ဆိုပြချက်ကို ကြားနာကာ ကြည်ညိုလှ၍ အမတ်ကြီး ရွတ်ဆိုပြီးနောက် လက်အုပ်မချရန် တောင်းပန်လျက် အမတ်ကြီး၏ လက်အုပ်ကြားသို့ အသပြာငွေ တစ်ထောင်ကျပ် ချီးမြှင့် အပ်နှင်းလိုက်ကြောင်း သံယုတ် အဋ္ဌကထာ ပြဆိုထားပါသည်။

အထက်ဖော်ပြပါ သဗ္ဗဇယမင်္ဂလာဂါထာပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

1 comment:

  1. ဒီဂါထာ လူပြောများတယ်။ လာဘ်ရွှင်တယ်ဆိုပြီးတော့လေ။ ပြီးတော့ ရသေ့ကြီးဦးခန္တီရွတ်ဖတ်နေကျဂါထာလဲ ကောင်းတယ်တဲ့။ ကျနော်ကတော့ အလွတ်ရပေမဲ့ နေ့တိုင်းတော့ မရွတ်ဖြစ်ဘူး။ ဒါကြောင့် ထီမပေါက်တာထင်တယ်။း))

    ပျော်ရွှင်ကြည်နူးပါစေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete