မြန်မာအမည် - သင်းဝင်
မြန်မာနိုင်ငံတွင် သင်းဝင်အမည်ဖြင့် ခေါ်တွင်သော အပင် နှစ်မျိုး၊ သုံးမျိုး ရှိပေသည်။ ယင်းတို့ အားလုံးသည် ရုက္ခဗေဒအလိုအားဖြင့် မျိုးရင်း မျိုးခွဲ အတူတူပင် ဖြစ်၍ မျိုးစိတ်အားဖြင့်သာ ခြားနားကြသည်။ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ပဲခူးရိုးမနှင့် တနင်္သာရီတိုင်း သစ်တောများတွင် အများအပြား ပေါက်ရောက်သော သင်းဝင်မျိုးသည် ပါပီလိုယိုနေ စီအီးမျိုးရင်းဝင် ဖြစ်၍ ရုက္ခဗေဒအမည်အားဖြင့် မီလက်ရှား ပင်နျူကာဟု ခေါ်သည်။
ကသစ်ပေါက်၊ ပေါက်ပန်းဖြုနီ တို့နှင့်လည်း မျိုးရင်းတူ ဖြစ်သည်။ အပင် အလတ်စားမျိုး ၇၅-ပေမှ ၈၀ထိ မြင့်ပြီးလျှင် ပင်စည်လုံးပတ် ၆-ပေမှ ၇-ပေအထိ ရှိသည်။ သင်းဝင် ပင်စည်သည် အသွေးချော၍ အဖြူကွက်များ ပေါ်နေသည်။ အညွှန့်များတွင် ပိုးမျှင်နှင့်တူသော အမွေးများ ရှိသည်။ အရွက်သည် စိမ်းစိုပြောင်ချော၍ အရွက်သုံးစုံ ငှက်မွေးပုံ ထွက်သည့် ရွက်ပေါင်း ဖြစ်သည်။ အရွက်ညှာတုတ်သည်။ အပွင့်များသည် အဖြူရောင် ဖြစ်၍ ပဲပန်းပွင့်များကဲ့သို့ လိပ်ပြာ ပုံသဏ္ဌာန်ရှိသည်။ အသီးတောင့်သည် ပြားပြီးလျှင် သားရေကဲ့သို့ မာသည်။ အရင်းအဖျားချွန်သည်။ အတောင်မပါချေ။ အသီးတောင့် အညိုရောင်ဖြစ်၍ အသီးတောင့်သည် တစ်တောင့်လျှင် အစေ့တစ်စေ့မှ သုံးစေ့အထိပါရှိသည်။
အစေ့ကို ပျိုး၍ ဖြစ်စေ၊ ကိုင်းဖြတ်၍ ဖြစ်စေ အပင် ပွားစေနိုင်သည်။ အတော်အသင့် ကြီးထွားမြန်၍ အကိုင်းအခတ်တို့ ဝေေ၀ဆာဆာ ရှိသဖြင့် လမ်းနံဘေးတွင် အရိပ်ရရှိစေရန် စိုက်ပျိုးနိုင်သည်။ ထိုသင်းဝင်မျိုး၏ အနှစ်သားသည် ခရမ်းရင့်ရောင် သို့မဟုတ် အညိုရောင်ရှိ၍ အစင်းကြောင်းများ ထင်ရှားစွာ ပေါ်လျက်ရှိသည်။ သို့သော်လည်း အိမ်ထောင် ပရိဘောဂ ပစ္စည်းပြုလုပ်ရန်အတွက် အနှစ်သား ကြီးကြီးမားမား မရနိုင်ချေ။ သင်းဝင်သားသည် အခြားသစ်များထက် ထူးကဲစွာ မာကျောသည် ။ အထက်ဖော်ပြပါ သင်းဝင်မျိုးနှင့် မျိုးရင်းမျိုးခွဲ ဖြစ်၍ သင်းဝင်ဖိုဟု ခေါ်သော သစ်ပင်တစ်မျိုး ရှိသေးသည်။ ရုက္ခဗေဒ အမည်အားဖြင့် မီလက်ရှား ပူဗီနာဗစ်ပုံ ခေါ်သည့် သစ်ပင်ငယ်မျိုးဖြစ်၍ မြန်မာနိုင်ငံ သစ်တောများတွင် တွေ့ရှိရသည်။ အထူးသဖြင့် မေမြို့၊ မြစ်ကြီးနားတို့တွင် ပေါက်ရောက် ကြသည်။
သင်းဝင်စပ် ဟုခေါ်သော အပင်တစ်မျိုးလည်း ရှိသေးသည်။ ရုက္ခဗေဒအမည်မှာ မီလက်ရှား ပါလက်စရာ ဟုခေါ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်း သစ်တောများ၌ တွေ့ရသည်။ ၎င်းသစ်ဝင်စပ်ကို ဆွဲသီးပင်ဟုလည်းခေါ်သည်။ ထို့အပြင် သင်းဝင်စပ်ကို သင်းဝင်ဖြူဟုခေါ်သော အပင်တစ်မျိုးလည်း ရှိသေးသည်။ ၎င်း၏ရုက္ခဗေဒ အမည်မှာ ပွန်ဂါးမီယား ပင်နေတာ ဟုခေါ်သည်။ ပဲခူး၊ စစ်တွေ ဒေသတို့နှင့် ပင်လယ်ကမ်းရိုးတန်း ဒေသတို့တွင် ပေါက်ရောက်သည်။
ဒဗ္ဗဂုဏပကာနီသည် မြန်မာဆေးကျမ်း အဆိုအရ သင်းဝင်သီးသည် ၀မ်းကို ခိုင်စေသည်။ သလိတ်နှင့် တကွ သည်းခြေကို နိုင်သည်ဟု ဆိုသည်။
အိန္ဒိယ ဆေးကျမ်းများကမူ အသီးစိမ်း လတ်လတ် ဆပ်ဆပ်သည် ခံတွင်းကို ကောင်းစေ၏။ ချုပ်စေတတ်သော သတ္တိရှိ၏။ ရေငန်ပြေစေ၏။ သလိပ်ကို ပွားများစေ၏။ အသီးမှည့်သည် ခံတွင်းကို လိုက်စေသည်။ အပူများကျစေသည် သည်းခြေကိုနိုင်၍ ရေငတ်ပြေစေသည်။ အပူကျစေသည်။
သင်းဝင်ဖြူ၏ အပွင့်သည် ဆီးချိုရောဂါအတွက် ကောင်းသည်။ ကြက်ညှာ ချောင်းဆိုးသူများကို လည်ပင်း၌ အသီးတောင့်များ ဆွဲပေးရသည်။ အစေ့ကိုပြုတ်၍ အနံ့ပြုပြီးလျှင် ကြက်ညှာချောင်းဆိုး ရောဂါအတွက် အသုံးပြုနိုင်၏ဟု အိန္ဒိယဆေးကျမ်းများ၌ ဆိုသည်။
အိန္ဒိယ ဆေးကျမ်းတစ်စောင်၏ အဆိုမှာ သင်းဝင်ဖြူ အစေ့သည် အရေပြားရောဂါအတွက် ကောင်း၏။ အခေါက်သည် လိပ်ခေါင်းရောဂါအတွက် ကောင်း၏။ အမြစ်သည် အနာစိမ်းများအတွက် ကောင်း၏ ဟုဆိုပါသည်။
No comments:
Post a Comment