မြန်မာအမည် - လောက်သေပင်
ရုက္ခဗေဒအမည် - DESMO DIUM TRIQUE TRUMDE
မျိုးရင်း - PAPILIONA CEAE
လောက်သေပင် ပုံသဏ္ဌာန်မှာ ပင်ပျော့၊ ပင်ငယ်၊ သက်ပြင်းမျိုးဖြစ်သည်။ အမြင့် ၅-ပေ မှ ၆-ပေခန့် အထိ မြင့်သည်။ ပင်စည်မှာ မွဲခြောက်ခြာက် အရောင်ရှိသည်။ အကိုင်းအခက်များမှာ အညိုရောင် ဖြစ်သည်။ အရွက်သည် ရွက်လွှဲ ထွက်သည်။ လှံသွားပုံ ရှိသည်။ အလျား ၆-လက်မ၊ အနံ ၂-လက်မခန့် ရှိသည်။ ရွက်ထိပ် ချွန်၍ အပေါ်ဘက် မျက်နှာပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာတွင် အတောင်ပါရှိသည်။ ရွက်ညှာရင်းတွင် ရွက်စွယ် အဖတ်ကလေးများ ရှိသည်။ အပွင့်မှာ အလွန်သေးငယ်သည်။ ခရမ်းရောင်ရှိ၍ အခိုင်လိုက် ပွင့်သည်။ အသီးမှာ သီးတောင့် ဖြစ်သည် ၁-လက်မ၊ ၂-လက်မခန့် ရှည်၍ ပြား၏ အဆစ် ၆-ဆစ်မှ ၈-ဆစ်အထိ ရှိပြီး ပြောင်ချောနေ၏။ အချို့ အမွေးနု ကလေးများ ပါရှိတတ်သည်။
ရေမြေ ရာသီဥတုမှာ အောက် မြန်မာနိုင်ငံကဲ့သို့ ပူနွေး၍ မိုးများပြီး စွတ်စို ထိုင်းမိုင်းသည့် ရာသီဥတုကို ပိုမို၍ နှစ်သက်သည်။ လယ်ယာ ချောင်းရိုးများ၊ တောင်ကုန်းမြေများတွင် ပေါက်ရောက်တတ်သည်။
>ပျိုးထောင်နည်းမှာ ပဲစင်းငုံကဲ့သို့ အစေ့မှ တိုက်ရိုက်မျိုးစေ့ချပြီး စိုက်ပျိုးနိုင်သည်။ တစ်နည်းအားဖြင့် အစေ့ကို ပျိုးသေတ္တာဖြင့်ပျိုး၍ ပလတ်စတစ် ပျိုးအိတ်တွင်ခွဲ၍ စိုက်ပျိုး ပြုစုပြီးနောက် မြေချ၍ စိုက်ပျိုးနိုင်သည်။ မိုးရာသီတွင် စိုက်ပျိုးသင့်သည်။ အလွန်ပင် စိုက်ပျိုး ဖြစ်ထွန်းလွယ်သော အပင်မျိုး ဖြစ်သည်။ အစေ့မှပင် ပြန်လည်၍ မျိုးပွားရသည်။
ဆွတ်ခူးခြင်းမှာ စိုက်ပြီး ၁၀-လခန့် အကြာတွင် အရွက်များကို ခူးယူနိုင်သည်။
သိုလှောင်နည်းမှာ အရွက်စိုများကို အရိပ်တွင်ထား၍ ခြောက်သွေ့စေခြင်းဖြင့် ဆေးအာနိသင် ပိုမို ထက်မြက်စေသည်။ အရွက်များ ခြောက်သွားက အိတ်များဖြင့် ထည့်သွင်း၍ ထားနိုင်သည်။
အသုံးပြုနည်းမှာ ပဉ္စငါးပါး။ ဆေးပင် ပဉ္စငါးပါကို ကျို၍ သကြားနှင့် ရောစပ် သောက်သော် အဆုတ်ရောဂါ၊ အရေပြားရောဂါများ ပျောက်ကင်းစေသည်။
အရွက်အသုံးပြုပုံမှာ (၁) လောက်သေရွက် မနုအရင့်ကို ပြုတ်၍ သုပ်စားခြင်း။ အတို့အမြှုပ်အဖြစ် စားခြင်းဖြင့် ၀မ်းကိုက်ရောဂါ၊ ၀မ်းဖောရောဂါ၊ ၀မ်းရောင်ရောဂါ၊ ကလေးသူငယ်များ သန်ကောင်ကြောင့် ၀မ်းကိုက်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းများ ပျောက်ကင်းသည်။
(၂) အရွက်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ သောက်သုံးပါက ဆီးပူ၊ ဆီးအောင့်ရောဂါများ ပျောက်ကင်းနိုင်သည်။
(၃) လောက်သေရွက်နှင့် ထားဝယ်မိုင်းရွက်တို့ကို ရေနွေးဖြော၍ သုပ်စားပါက ဆီိးပူ၊ ဆီးအောင့်၊ ၀မ်းကိုက်၊ သွေးဝမ်း သွား၊ မီးယပ် သွေးသွန်ခြင်းတို့ကိုရပ်တန့်စေသည်။
(၄) လောက်သေရွက်ခြောက်၊ ဖလံတောင်ဝှေး ရွက်ခြောက်တို့ ဆတူ အမူန့်ပြု၍ အုန်းဆီနှင့်ဖျော်ပြီး နေပူပူတွင် လှန်း၍ အပေါ်ဆီ အကြည်ရည်ကို နားတွင်းသို့ အစက်ချပေးခြင်း၊ နားကြပ်တောင်ဖြင့် ကျပ်ပေးခြင်း ပြုလုပ်ပါက နားကိုက်ရောဂါ၊ နားပြည်ယိုရောဂါများ ပျောက်၍ နားတွင်းရှိ ပိုးများကို သေစေသည်။ ၎င်းကိုပင် လိမ်းဆေးအဖြစ် သုံးစွဲပါက ၀ဲယားနာ၊ အနာစက်၊ မီးလျံနာ၊ ဒဏ်နာများကို ပျောက်ကင်းစေသည်။
(၅) ကလေးများ အနာစက်၊ ၀ဲစို၊ အိုင်းနာကို လောက်သေရွက်ကို အကျွမ်းလှော်၍ ရေနံချေး စစ်စစ်နှင့် လူးပေးက ပျောက်ကင်းသည်။
(၆) ကျွဲ၊ နွားများ အနာပေါက်၍ လောက်ကောင်များ ကျခြင်း၊ ငါးပိအိုးတွင် လောက်ကောင်းများကျခြင်း အတွက် လောက်သေရွက်ကို ထောင်း၍ အမူန့်ပြုလုပ်ပြီး ဖြူးပေးပါက လောက်ကောင်းများ သေကျေပျက်စီး၍ အနာများ အသားနုတက်ကာ အမြန်ကျက်စေသည်။
No comments:
Post a Comment