မြန်မာအမည် - ဖလံတောင်ဝှေးပင်
ဖလံတောင်ဝှေးပင်သည် ရာသီအလိုက် တစ်နှစ်တစ်ကြိမ်သာ ပေါ်သော အပင်စား ဟင်းသီး ဟင်းရွက် တစ်မျိုးဖြစ်သည်။ မိုးဦးကျစ မိုးတစ်ကြိမ် နှစ်ကြိမ် ရွာပြီးနောက် ဖလံတောင်ဝှေးများ ပေါ်သည်။ တောလက်ကျေးရွာများတွင် ဖလံတောင်ဝှေး ပေါ်ချိန်ကျလျှင် လျှိုမြောင် ချိုင့်ဝှမ်း၊ ရေတင် တောစပ်များသို့ ၀င်ရောက် ခူးဆွတ် ရယူကြသည်။ အလေ့ကျပေါက်သော အပင်မျိုး ဖြစ်သည်။
ရုက္ခဗေဒအမည် - ကော့စတတ် စပီယိုအတ်
ဖလံတောင်ဝှေးပင်ကို ရုက္ခဗေဒ အလိုအားဖြင့် ကော့စတတ် စပီယိုအတ် ဟု ခေါ်၍ ဇင်ဂျီဗာရေး စီအီးမျိုးရင်တွင် ပါဝင်သည်။ငွေပန်းပင်၊ ချင်းပင်ကဲ့သို့ ဥအတက်များရှိ၍ အကိုင်းအလက်ကင်းမဲ့သော ပင်စည်အစို့ အတက်များမှ ထွက်၍ ပေါက်သည်။ ဖလံတောင်ဝှေးကို အစို့ထွက်စနေ့တွင် ချိုး၍ အပေါ်ယံ အခွံများစွာ ထုတ်ကာ ထုရိုက်၍ ကြော်ချက်ပြုတ်၍ စားသောက်နိုင်သည်
ချိုဆိမ့်သော အရသာရှိသည်။ အချိုချဉ်ရေချက်၍ လည်းကောင်း။ ချဉ်ဖတ်ထည့်၍ လည်းကောင်း။ စားသောက်ကြသည်။ ဖလံတောင်ဝှေးပင်တွင် အဆစ်ကလေးများရှိ၍ အဆစ်တွင် အရွက်များ တလည်းလိုက်ရှိသည်။ အရွက်၏ ပုံသဏ္ဌာန်သည် ဘဲဥပုံ ခက်လျားလျားရှိ၍ အရွက်ဖားကြီးများ ဖြစ်သည်။ အပွင့် အဖြူရောင် ပွင့်သည်။အသီးမှာ လုံးဝန်းသော ပုံသဏ္ဌာန်ရှိသည်။
ဖလံတောင်ဝှေး အမြစ်သည် အနံ့ပြင်း၍ စူးရှသော အရသာရှိသည်။ ယင်းအမြစ်သည် အဆုတ်ပြွန်ရောင်နာ၊ အဖျားရောဂါနှင့် ဒူလာရောဂါများအတွက် ဆေးဖက်ဝင်သည်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ပေါက်ရောက်သည်။
No comments:
Post a Comment