အနက်
ဓမ္မော - မဂ် ဖိုလ် နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။ ဧဟိပဿိကော - ဝေဟာတက်ထွန်း ယုဂန်စွန်း၌ လ၀န်းအလား ပတ္တမြားသဖွယ် စင်ကြယ်ထင်ရှား ရှိသည်များကြောင့် အားရရွှင်လန်း လိုက်ခဲ့စမ်းပါ ရူစမ်းပါဟု သံသာချိုမြ ဖိတ်ခေါ်ပြဖို့ မုချဧကန် အမှန်သင့်လျော် ထိုက်တန်တော်မူပါပေ၏။
ဧဟိ ပဿိကော - လာ ရူစမ်းပါ၊ ကျင့်စမ်းပါဟု သေချာပြထိုက်ဖိတ်ခေါ် တိုက်တွန်းထိုက်သော။ ဓမ္မော - တရားတော်ပါပေတည်း။
အဓိပ္ပာယ်
မြတ်စွာဘုရား၏ တရားတော်သည် အမှန်တကယ် ထင်ရှားရှိသော တရား၊ အလွန်သန့်ရှင်းစင်ကြယ်၍ အပြစ်ကင်းစင်သောတရား ဖြစ်သောကြောင့် လာခဲ့စမ်းပါ၊ ကျင့်ကြည့်လှည့်စမ်းပါ၊ မြည်းစမ်းကြည့်စမ်းပါ ဟု ရဲတင်းစွာ အာမခံ၍ ဖိတ်ခေါ်ပြထိုက်သော တရား ဖိတ်ခေါ်တိုက်တွန်းရဲသော တရားဖြစ်၏။
ဤ “ဧဟိပဿိက” - ဂုဏ်တော်ဖြင့် အခြားအယူဝါဒများကဲ့သို့ မျက်စိမှိတ်ပြီး ဇွတ်အယုံမခိုင်း၊ လက်တွေ့ စမ်းသပ်ဖြစ်အောင် စမ်းသပ် ကြည့်ဖို့သာ ဖိတ်ခေါ်တိုက်တွန်း၏။
လူလောက၌ အထူးအဆန်းကို မြင်တွေ့ရပါက မိမိကြည့်ရူရုံတွင် အားမရ၊ ချစ်ခင်ရင်းနှီးသည့် သူများအားလည်း ပြသလိုသည်မှ ဓမ္မတာပင် ဖြစ်၏။ ထို့အတူ အခြားအခြားသော ကုသိုလ်တရားများမှာ ဘ၀ထိုထိုက ကြိမ်ဖန်များစွာ လူတိုင်း ရခဲ့ဖူးပြီးဖြစ်ရာ ထူးဆန်းသည်ဟု မဆိုသာ။ ထူးခြားမြင့်မြတ်သော ၀ိပဿနာတရား၊ အထူးသဖြင့် မဂ်ဖိုလ် တရားများ မဖြစ်စဖူး ဖြစ်ပေါ်လာသည့်အခါ မကြုံစဖူး အထူးအံ့သြမူ နှစ်သက်မူ ၀မ်းမြောက်မူများ ခံစားရ၏။ ထိုအခါ မိမိ၏ အရင်းနှီးဆုံး ဖြစ်သူများအား ရစေလို၏။ ပြောကြားတိုက်တွန်းလိုသည့် စိတ်ဆန္ဒများ တဖွားဖွား ပေါ်ပေါက်တတ်သည်။ ပြောဆို တိုက်တွန်းသည့်အတိုင်းလည်း မလွဲမသွေ ရရှိခံစားရမည်ဖြစ်၍ အာမ၀န္တံ ခံရဲ၏။
“လာလှည့်၊ ကျင့်ကြံလှည့်” ဟုသော သဘောဖြင့် ဟောကြားခဲ့သော တရားတော်များလည်း အများအပြားရှိ၏။ ဥပမာ - ခုနှစ်ရက်၊ ခုနှစ်လ အလွန်ဆုံး ခုနစ်နှစ်အားထုတ်လျှင် အနာဂါမ် ရဟန္တာ ဖြစ်နိုင်သည် ဟု လည်းကောင်း၁၊ (ရင့်ကျက်သူများ ဖြစ်လျှင်) ညနေတရားအားထုတ်၊ နံနက်တရားထူး ရနိုင်သည်။ နံနက်အားထုတ် ၊ ညနေတရားထူး ရနိုင်သည်ဟု လည်းကောင်း ၂ ၊ ဗြဟ္မာဝိဟာရတရား ကျင့်စဉ်သည် သာသနာပြင်ပ အယူဝါဒတို့၌ မရှိ၊ ဤသာသနာတော်၌သာ ရှိသည် ဟု လည်းကောင်း ၃၊ ကိလေသာငြိမ်းသူ (သမဏ)၊ လွတ်မြောက်သူသည် လွတ်မြောက်ကြောင်း ကျင့်စဉ် (မဂ္ဂင်ရှစ်ပါး) ရှိရာ ဤသာသနာတော်၌သာရှိ၍ သာသနာပြင်ပအယူဝါဒတို့၌ ကိလေသာငြိမ်းသူ လွတ်မြောက်သူလည်း မရှိ၊ ကိလေသာငြိမ်းကြောင်း ကျင့်စဉ်လည်း တစိတ်တဒေသမျှပင် မရှိ ဟု လည်းကောင်း ၄၊ အတိအလင်းဟောကြားထားသော တရားဒေသနာတော်များသည်လည်း တနည်းတဖုံအားဖြင့် တရားတော်၏ ဧဟိပဿိက စသောဂုဏ်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်။
No comments:
Post a Comment