နာဠာဂီရိဆင်ကား ခက်ထန် ကြမ်းတမ်း၍ နေ့စဉ် သေရည် ရှစ်အိုး သောက်လေ့ရှိ၏။ လူကို နင်းသတ်တတ်သော ဆင်ရိုင်းကြီးဖြစ်သည်။
လက်ဝဲရံ လက်ယာရံ ရာထူး နှင်းအပ်မူနှင့် စပ်၍ မြတ်စွာဘုရားရှင်အပေါ် မကျေမနပ်ဖြစ်ကာ အမြဲရန်ရှာနေခဲ့သူ အရှင်ဒေ၀ဒတ်သည် လေးသမားတို့အား စေလွှတ်၍ မြတ်စွာဘုရားကို သတ်စေခဲ့သော်လည်း မအောင်မြင်။ ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ချ၍ မြတ်စွာဘုရားကို ကိုယ်တိုင်လုပ်ကြံခဲ့သော်လည်း မသေ၊ ခြေမတော်မှာ သွေးခြည်ဥရုံလောက်သာ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ယခု တစ်ကြိမ်တွင်လည်း မြတ်စွာဘုရားကို နာဠာဂီရိဆင်ဖြင့် နင်းသတ်ရန် အဇာတသတ်ဘုရင်၏ အကူအညီကို ယူခဲ့သည်။ ဆင်ဆရာထံ ချဉ်းကပ်၍လည်း နာဠာဂီရီဆင်အား ခါတိုင်းထက် တစ်ပြန်တိုး၍ သေရည် တစ်ဆယ့်ခြောက်အိုး တိုက်ကျွေးစေသည်။ မြတ်စွာဘုရား ရာဇဂြိုလ်မြို့တွင်းသို့ ၀င်လာချိန်၌ ဆင်ရိုင်းကြီးကိုလွှတ်၍ နင်းသတ်စေရန် စီမံစေခိုင်းသည်။
ထိုအကြောင်းကို သိရှိနေကြသော ရာဇဂြိုလ်မြို့သူမြို့သားများသည် မြတ်စွာဘုရားက နာဠာဂီရိဆင်အား ဆုံးမတော်မူပုံကို ကြည့်ရူလိုသဖြင့် မြေပြင်အနှံ့၊ အဆောက်အအုံများ၊ သစ်ပင်များ၊ အိမ်အမိုးများပေါ်ပါမကျန် နေရာယူ၍ စောင့်ကြို ကြည့်ရူနေကြလေသည်။
မြတ်စွာဘုရားသည် ရာဇဂြိုလ်မြို့တွင်းသို့ နောက်ပါ သံဃာတော်များနှင့်အတူ စီတန်းညီညာ ကြွဝင်တော်မူလာ၏။ ထိုစဉ် အရှင်ဒေ၀ဒတ်၏ အစီအစဉ်အတိုင်းပင် နာဠာဂီရိဆင်ကို မြတ်စွာဘုရားထံသို့ လွှတ်သည်။ နာဠာဂီရိဆင်သည် လမ်းခရီး၌ မဲမဲမြင်ရာ အိမ်များ၊ လှည်းများကို ရိုက်ချိုးချေဖျက်ကာ ပတ်ဝန်းကျင်ကို သိမ့်သိမ့်ရိုက်ခတ်စေလျက် အမြီး၊ နှာမောင်းတို့ကို မြှောက်ချီပြီး မြတ်စွာဘုရားထံသို့ ပြေးဝင်လာ၏။
အရှင်သာရိပုတ္တာရာနှင့် မာသာဝကရှစ်ကျိပ်တို့က နာဠာဂီရိဆင်ကို ဆုံးမလိုကြောင်း အသီးသီး ခွင့်တောင်းကြသော်လည်း မြတ်စွာဘုရားက ခွင့်ပြုတော်မမူချေ။ ချစ်ကြည်ညိုစိတ်အားကြီးသော ညီတော်အာနန္ဒာကမူ သေလိုသေ မြတ်စွာဘုရားရှေ့မှ ကွယ်၍ ရပ်လာ၏။ မြတ်စွာဘုရားက ဖယ်ရှားရန် သုံးကြိမ်တိုင်တိုင် မိန့်ကြားသော်လည်း မဖယ်သဖြင့် တန်ခိုးတော်ဖြင့် ညီတော်အာနန္ဒာကို ဖယ်ရှားကာ သံဃာအကြားသို့ ပို့တော်မူသည်။
သားသည်မိခင်တစ်ဦးသည် နာဠာဂီရိဆင်ကို ကြောက်လန့်သဖြင့် ပြေးလွှားစဉ် လွတ်အံ့မထင်၍ သားငယ်ကို မြတ်စွာဘုရားနှင့် ပြေးလာနေသော နာဠာဂီရိဆင်အကြားမှာ ပစ်ချထွက်ပြေးသွား၏။ နာဠာဂီရိဆင်သည် ထိုမိန်းမနောက်သို့ လိုက်သော်လည်း အလှမ်းဝေးသဖြင့် မမီနိုင်၍ တစာစာအော်ငိုနေသော သားငယ်ရှိရာဘက်သို့ ဦးလှည့်ပြေးပြန်သည်။
မြတ်စွာဘုရားသည် “တစ်လောကလုံးသို့ ဖြန့်ကြက်ထားနိုင်သော အနန္တမေတ္တာဓာတ်တော်ကို နာဠာဂီရိဆင်တစ်ကောင်တည်း အပေါ်၌သာ သီးခြား ရည်စူးကာ လွှမ်းခြုံ ပို့လွှတ်တော်မူသည်”။ ထို့နောက် ချိုကြည် အေးမြသည့် အသံတော်ဖြင့် -
“နာဠာဂီရိ … သင့်အား သေရည်တစ်ဆယ့်ခြောက်အိုးတိုက်၍ လွှတ်ခြင်းမှာ အခြားသူများကို နင်းသတ်ရန်မဟုတ်၊ ငါဘုရားကို နင်းသတ်ရန်သာ ဖြစ်သည် ငါဘုရားထံသို့ လာလော့” ဟု မိန့်ခေါ်တော်မူသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရား၏ အနန္တမေတ္တာဓာတ်စွမ်းအားကို ထိတွေ့ ခံစားရလေပြီ၊ သူသည် မူးယစ်ရီဝေလျက်က မျက်လုံးကို ဖွင့်ကြည့်ရာ မြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရုပ်အဆင်းကို မြင်တွေ့ရလေပြီ။ မြတ်စွာဘုရား၏ အအေးမြဆုံးသော မေတ္တာ၊ အချိုသာဆုံးသော အသံတော်၊ ကြည်ညိုဖွယ် အကောင်းဆုံးသော စိတ်ကောင်းဝင်ကာ သတိသံဝေဂ ရပြီး ခဏအတွင်းမှာပင် ယဉ်ကျေးသိမ်မွေ့လာသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရားကိုသတ်ရန် မြှောက်ချီထားသော နှာမောင်းကို အောက်သို့ တဖြည်းဖြည်းချ၏။ မြတ်စွာဘုရားထံသို့ ဖြည်းညင်းစွာ တိုးရွှေ့သွားပြီး ခြေထောက်ရင်း၌ ပုဆစ်တုပ်လျက် အရိုအသေပြုသည်။
မြတ်စွာဘုရားက နာဠာဂီရိဆင်၏ ဦးခေါင်းပေါ် လက်တော်တင်လျက် သတ္တ၀ါများကို မေတ္တာထားရန်၊ ဒုစရိုက်မူကို မပြုရန် ဟောပြဆုံးမတော်မူသည်။
လူထုပရိတ်သတ်ကြီးကား သဲသဲလူပ် ကောင်းချီးပေးကြ၏။ အမျိုးမျိုးသော ရတနာတန်ဆာများကို နာဠာဂီရိဆင်ဆီသို့ လှမ်းပစ်ပေး၍ လက်ဆောင်ဖွဲ့ကြသည်။ ရတနာများသည် နာဠာဂီရိဆင် တစ်ကိုယ်လုံးကို ဖုံးမတတ်ရှိ၏။ ထိုအခါမှစ၍ နာဠာဂီရိဆင်သည် “နေပါလ” ဟုအမည်တွင်လေသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရားကို အရိုအသေပြုကာ နောက်သို့ တဖြည်းဖြည်းဆုတ်လျက် သူ၏ဆင်တင်းကုပ်ဆီသို့ ပြန်သွားလေတော့သည်။
No comments:
Post a Comment