Sunday, 19 December 2010

၎။ သုဂတဂုဏ်တော်


အနက်

သော ဘဂ၀ါ = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ = ဣမိနာ စ ကာရဏေန - ဒီပင်္ကရာ ထွတ်ချာသနင်း ခြေတော်ရင်းမှ မှီတင်းသီရိ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံပြည့်ညီလျက် သုံးလီဘ၀ များသတ္တ၏ သုခစီးပွား ကျင့်သောအားဖြင့် မှိက်မှားအယူ မိစ္ဆာဟူက ဆံမြူတစိ မကပ်ငြိဘဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗဉ်ဉာဏ်တော် ရကြောင်းရော်၍ လာတော်မူတတ် ကျိုးရှိဟုတ်မှန်သော စကားကို ဆိုတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ သုဂတော - သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။

သုဂတော -

(၁) ကောင်းစွာ ကြွလာတော်မူသော မြတ်စွာဘုရား၊

(၂) နိဗ္ဗာန်သို့ ကြွသွားတော်မူသော မြတ်စွာဘုရား၊

(၃) ကောင်းသော စကားကိုသာ ဆိုတော်မူတတ်သော မြတ်စွာဘုရား။


အဓိပ္ပာယ်

ဘုရားအလောင်းတော်သည် ဘုရားဆု စတင်ပန်ဆင်တော်မူရာ ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဧကန်စင်စစ် ဘုရားဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော် ရပြီးချိန်မှစ၍ ကာမ ရူပ အရူပဘုံသား သတ္တ၀ါများ၏ စီးပွားချမ်းသာ မင်္ဂလာအလို့ငှာ ဆင်းရဲခံတော်မူပြီး ပါရမီဆယ်ပါးတို့ကို အပြည့်အစုံ ဖြည့်ကျင့်တော်မူခဲ့သည်။ သံသရာတလျှောက် ကျင်လည်ရာဝယ် မိစ္ဆာဒိဋ္ဌိအယူဆိုး အယူမှားများကို မကိုးကွယ် မခံယူဘဲ သတိသမ္ပဇဉ် ဉာဏ်ပညာယှဉ်၍ အစဉ် ရှောင်ရှားကာ ဘုရားဖြစ်ရန် ဖြောင့်မှန်စွာ ကျင့်ကြံလျက် လမ်းဖြောင့်လမ်းမှန် အတိုင်း ကြွလာတော်မူခဲ့သည်။ ထိုသို့ နိယတဗျာဒိတ်ရသည်မှစ၍ ပါရမီ (၁၀)ပါးကို ဖြည့်ကျင့်တော်မူခဲ့ခြင်း၊ မိစ္ဆာအယူကင်း၍ သန့်ရှင်းဖြောင့်တန်းစွာ ကြွလာတော်မူခြင်းတို့ကြောင့် သုဂတဟူသော ဂုဏ်ထူးနှင့်လည်း ချီးကျူးပူဇော်ရသည်။

ဘုရားဖြစ်တော်မူသောအခါ၌လည်း သဿတဒိဋ္ဌိ ဥစ္ဆေဒဋ္ဌိ ၀ဲယာအစွန်းနှစ်ဘက် မကပ်ငြိဘဲ မဇ္ဈိမပဋိပတ် ကောင်းမြတ်ဖြောင့်တန်းသော မဂ္ဂင်လမ်းမတော်ဖြင့် နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားတော်မူခြင်းကြောင့်လည်း သုဂတမည်တော်မူ၏။

ထိုမှတပါး လောက၌ လူများပြောဆိုနေကြသောစကားမှာ ခြောက်မျိုးရှိ၏။ ထိုခြောက်မျိုးမှာ -

(၁) မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတပါးလည်း မနှစ်သက်သောစကား၊

(၂) မှန်၏၊ အကျိုးမရှိ၊ သူတပါးမနှစ်သက်သောစကား၊

(၃) မှန်၏၊ အကျိုးရှိ၏၊ သူတပါးမနှစ်သက်သောစကား၊

(၄) မမှန်၊ အကျိုးမရှိ၊ သူတပါးနှစ်သက်သောစကား၊

(၅) မှန်၏၊ အကျိုးမရှိ၊ သူတပါးနှစ်သက်သောစကား၊

(၆) မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတပါးလည်း နှစ်သက်သောစကား တို့ ဖြစ်သည်။

ဤစကားခြောက်မျိုးတွင် အမှတ် (၃) (၆) စကားများသည် “စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ်” ဆိုသည့်အတိုင်း ကောင်းသော စကားများဖြစ်ကြသည် မြတ်စွာဘုရားသည် အမှတ် (၆)ဖြစ်သည့် ဟုတ်မှန်ကျိုးရှိ၍ သူတပါးလည်း နှစ်သက်သော စကားမျိုးကို အများဆုံး ပြောဆိုဟောကြားတော်မူ၏။ အမှတ်(၃) ဖြစ်သည့် ဟုတ်မှန်ကျိုးရှိသော်လည်း သူတပါးမနှစ်သက်သော စကားမျိုးကိုမူ အချိန်အခါအရ ပြောဆိုသင့်သည့်အခါ ပြောကြားတော်မူသည်။ ဤသို့ ကောင်းသောစကားကို သုဂတ-ပုဒ်၏ အဓိပ္ပာယ်ကို ဖွင့်ဆိုကြ၏။

No comments:

Post a Comment