ဆိုင်ရာ ဆိုင်ရာ ကိလေသာ အားလုံးတို့ကို ၀ါသနာနှင့်တကွ အကြွင်းမရှိ အဆင့်ဆင့် ပယ်သတ်တတ်သောဉာဏ်တော်။
မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ် ကဆုန်လပြည့်နေ့ မိုးသောက်ယံအချိန်၌ အလွန်ထက်မြက်လှသည့် ဓားအသွားနှင့် တူပြီး ကြီးကျယ်မြင့်မြတ်သော ဉာဏ်ပညာဖြင့် ရူပွားဆင်ခြင်ခြင်းဟု ဆိုအပ်သည့် မဟာဝဇိရ၀ိပဿနာတရား ပွားများ အားထုတ်တော်မူသောအခါ မဟာဝဇိရ ၀ိပဿနာသမ္မသနဉာဏ်တော် ကုဋေ သုံးသန်း ခြောက်သိန်း ဖြစ်ပွားလာသည်။
ဤလောက၌ အာဏာခေတ်ဟုခေါ်သော စကြ၀ဠာတိုက်ပေါင်း ကုဋေတစ်သိန်းတို့ရှိကြရာ စကြ၀ဠာတိုက်အားလုံးအတွင်း၌ လူ နတ် ဗြဟ္မာ သတ္တ၀ါများ အသင်္ချေအနန္တ မည်မျှပင် များပြားစေကာမူ ၎င်း လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ သန္တာန်၌ ပရမတ္ထသဘာဝအားဖြင့် အ၀ိဇ္ဇာ၊ သင်္ခါရ၊ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖာသ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀၊ ဇာတိ၊ ဇရာ မရဏ - ဟူ၍ (ပဋိစ္စသမုပ္ပါဒ် အင်္ဂါ) ၁၂ = ပါးသာရှိသည်။
၎င်းပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂- ပါးတို့၌သာ ၀ိပဿနာရူရမည်ကို မြတ်စွာဘုရားအလောင်းတော်သည် ကောင်းစွာ သိမြင်တော်မူ၏။ ထိုသို့ စကြ၀ဠာတိုက်ပေါင်း ကုဋေတစ်သိန်းအတွင်း၌ ရှိနေကြသော လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ခန္ဓာအစဉ်ဝယ် အမှန်တကယ်ရှိသည့် ပရမတ္ထသဘာဝတို့ကို ဆင်ခြင်တော်မူရာ ဘုရားရှင်၏ ဉာဏ်တော်ဖြင့် သိမြင်အပ်သော ၀ိပဿနာရူရမည့် တရားအစုတို့ကား အ၀ိဇ္ဇာပေါင်း ကုဋေတစ်သိန်း၊ သင်္ခါရပေါင်း ကုဋေတစ်သိန်း၊ ထို့အတူ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀၊ ဇာတိ၊ ဇရာ မရဏတို့လည်း ကုဋေတစ်သိန်းစီ ဖြစ်ရကာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ရပ် ပေါင်းလျှင် ကုဋေတစ်သန်းနှစ်သိန်းတို့ ဖြစ်သည်။
အလွန်ရူပ်ထွေ၍ ခုတ်ထွင်းရန် ခဲယဉ်းလှသော တောအုပ်ထုကြီးကို ရှင်းလင်း ခုတ်ထွင်သော ယောက်ျားသည် မိမိကိုင်ဆောင်သော ဓားကို ကျောက်ပေါ်တင်၍ သွေးကာ သွေးကာ ထက်လှစွာသော ဓားဖြင့် တောအုပ် ချုံနွယ် ပိတ်ပေါင်းမှန်သမျှကို ရှင်းလင်းခုတ်ထွင်သကဲ့သို့ ဘုရားအလောင်း တော်သည်လည်း တစ်ထောင့်ငါးရာ ကိလေသာတောအုပ် အမိုက်မှောင်ထု အားလုံးတို့ကို ရှင်းလင်း သုတ်သင်ရန်အတွက် ကိုယ်တော်၏ လက်သုံးဖြစ်သော မာဝဇိရ၀ိပဿနာဉာဏ်ပညာ ဓားအသွားထက်မြက်စေရန် အာနာပါန စတုတ္ထဈာန် သမာပတ်တည်းဟူသော ဓားသွေးသည့် ကျောက်၌ တင်လျက် သွေးကာ သွေးကာ (အာနာပါန စတုတ္ထဈာန်ကို ၀င်စား ၀င်စားပြီးလျှင်) ဖော်ပြပါ ကုဋေတစ်သန်းနှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါတရားအစုတို့ကို တစ်ခုစီ တစ်ခုစီ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာတင်၍ ဆင်ခြင်သုံးသပ်တော်မူသည်။
သို့ဖြစ်ရကား ကုဋေတစ်သိန်းနှစ်သိန်းသော ပဋိစ္စသမုပ္ပါဒါ အင်္ဂါ ၁၂-ပါး တရားအစုတို့၌ တစ်ခု တစ်ခုလျှင် အနိစ္စ၀ိပဿနာဉာဏ်၊ ဒုက္ခ၀ိပဿနာဉာဏ်၊ အနတ္တ၀ိပဿနာဉာဏ် ဟူ၍ သုံးပါးစီ သုံးပါးစီ ဖြစ်သောကြောင့် ကုဋေတစ်သန်းနှစ်သိန်းကို လက္ခဏာရေးသုံးးပါးဖြင့် မြှောက်လျှင် မဟာဝဇိရ ၀ိပဿနာဉာဏ်တော်ပေါင်း ကုဋေသုံးသန်းခြောက်သိန်း ဖြစ်လေသည်။
ထို မာဝဇိရ၀ိပဿနာဉာဏ်တော်များဖြစ်ပွားပြီးနောက် အာနာပါန စတုတ္ထဈာန်ကို တဖန်ဝင်စားပြီးလျှင် ခန္ဓာငါးပါး တရားအစုတို့၌ ဥဒယဗ္ဗယဉာဏ်စသော အထက် အထက် ၀ိပဿနာဉာဏ်စဉ်များဖြင့် အဆင့်ဆင့် ရူပွားတော်မူရာ နောက်ဆုံး၌ ပရိကံ ဥပစာ အနုလုံ အမည်ရှိသော သစ္စာနုလောမဉာဏ်ကို ရတော်မူသည်။
၎င်းသစ္စာနုလောမဉာဏ်တော်သုံးပါးတို့ဖြင့် သစ္စာလေးပါးကို ဖုံးကွယ်တတ်သော အ၀ိဇ္ဇာမောဟတည်း ဟူသော အမိုက်မှောင်ကို ဖယ်ရှား ဖြတ်တောက်လျက် ဂေါတြဘုဉာဏ်၏ အခြားမဲ့၌ဖြစ်သော သောတာပတ္တိမဂ်ဉာဏ် စသော မဂ်ဉာဏ်လေးပါးတို့ကို အစဉ်အတိုင်း ရရှိတော်မူသည်။
ထိုမင်္ဂဉာဏ်လေးပါးတို့တွင် သောတာပတ္တိမဂ်ဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ ဟူသော ကိလေသာတို့ကို ၀ါသနာနှင့်တကွ အကြွင်းမရှိ ပယ်တော်မူသည်။
သကဒါဂါမိမဂ်ဉာဏ်ဖြင့် ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ ကိလေသာ၊ ရုန့်ရင်းကြမ်းတမ်းသော ဗျာပါဒ - ဒေါသ (အကြမ်းစား) ကိလေသာတို့ကု ၀ါသနာနှင့်တကွ ခေါင်းပါးအောင် အားနည်းသွားအောင် ပယ်တော်မူသည်။
အနာဂါမိမဂ်ဉာဏ်ဖြင့် သိမ်မွေ့သော ကာမရာဂကိလေသာ၊ သိမ်မွေ့သော ဗျာပါဒ ဒေါသ(အနုစား) ကိလေသာတို့ကို ၀ါသနာနှင့်တကွ အကြွင်းမရှိ ပယ်တော်မူသည်။
အရဟတ္တမဂ်ဉာဏ်ဖြင့် ရူပရာဂကိလေသာ၊ အရူပရာဂကိလေသာ၊ မာနကိလေသာ၊ ဥဒ္ဓစ္စကိလေသာ၊ အ၀ိဇ္ဇာကိလေသာတည်းဟူသော ကြွင်းကျန်သည့် ကိလေသာအားလုံးတို့ကို ၀ါသနာအငွေ့အသက်ပါ မကျန် အကြွင်းမရှိ ပယ်တော်မူသည်။
ဤသို့ မိမိတို့ဆိုင်ရာ ကိလေသာတိုပကို ၀ါသနာနှင့်တကွ အကြွင်းမရှိ ပယ်သတ်တတ်သော မဂ်စိတ်လေးခုနှင့်ယှဉ်သော ပညာစေတသိက်သည် မဂ်ဉာဏ်တော်မည်၏။
ဤဆိုခဲ့ပြီးသော မဂ်လေးပါးတို့တွင် အရဟတ္တမဂ်ဉာဏ်တော်ခြောက်ပါး၊ ဗုဒ္ဓဉာဏ်တော် လေးပါး၊ အသာဓာရဏဉာဏ်တော် ခြောက်ပါး၊ ဗုဒ္ဓဉာဏ်တော် တစ်ဆယ့်လေးပါးစသော ဘုရားရှင်တို့၏ ဉာဏ်တော် ဂုဏ်ကျေးဇူးတော်များနှင့်အတူ သဗ္ဗညုတရွှေဉာဏ်တော်ကြီးကိုပါရတော်မူသည်။
ဤသို့ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူခြင်းသည်ပင် သုံးလောကထွတ်ထား သမ္မာသမ္ဇုဒ္ဓ မြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူခြင်းဖြစ်သည်။
No comments:
Post a Comment