အနက်
ဓမ္မော - မဂ် ဖိုလ် နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော - ဟောပြသလောက် ကျင့်တိုင်းပေါက်၍ မဂ်ရောက်ဖိုလ်ထိ ပညာရှိသည့် များအရိယာ သူတော်စွာတို့ သူတကာပြော ယုံကြည်သောကြောင့် သဘောချင်းထပ် မဆည်းကပ်ဘဲ တပ်အပ်ထင်ထင် ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။
သန္ဒိဋ္ဌိကော - သူပြောမဟုတ် မုခကိုယ်တိုင် သိမြင်နိုင်သော ၊ ဓမ္မော - တရားတော်ပါပေတည်း။
အဓိပ္ပာယ်
မြတ်စွာဘုရား၏ တရားတော်သည် မိမိကိုယ်တိုင် သိမြင်ထိုက်သော တရားဖြစ်၏။ တပါးသူတို့အပြောဖြင့် မှန်းဆ၍ ယုံကြည်လက်ခံရသည့် တရားမဟုတ်ပေ။ ကိုယ်တွေ့ ဒိဋ္ဌ လက်တွေ့ကျကျ သိမြင်နိုင်သော တရားများသာ ဖြစ်၏။ ထိုတရားတို့ကား မုချအားဖြင့် မဂ် ဖိုလ် နိဗ္ဗာန်တရားများ ဖြစ်၏။
နိဗ္ဗာန်ကို မျက်မှောက် မပြုရသေးစေကာမူ မြတ်စွာဘုရား၏ တရားတော်ကို ကျင့်ကြံလျှင် စတင် ကျင့်ကြံသည့် အချိန်မှ စ၍ နိဗ္ဗာန်ရောက်သည်အထိ ကျင့်ကြံ အားထုတ်သော ပုဂ္ဂိုလ်တိုင်း ကျင့်ကြံမူ အတိုင်းအတာအလိုက် ကိုယ်တိုင် သိနိုင်သော တရားချည်း ဖြစ်၏။ ကျင့်ဆဲအခါတွင် သမာဓိတည်၍ ပီတိသုခဖြစ်ပုံနှင့် ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံကို သူပြောလူပြောမဟုတ် ကိုယ်တိုင် ပိုင်းပိုင်းခြားခြား ကွဲပြားစွာ သိမြင်ရ၏။ ကျင့်ကြံပြီး၍ မဂ်ဖိုလ်သို့ ဆိုက်ရောက်သော အခါတွင်မူ နိဗ္ဗာန်ကို ကိုယ်တိုင်ဆိုက်ထိ သိရှိခံစားနိုင်တော့၏။ ထို့ကြောင့် မြတ်စွာဘုရား၏ တရားတော်သည် မည်ကဲ့သို့ ကိုယ်စိတ်ဆင်းရဲကင်း၍ ချမ်းသာမူအဆင့်ဆင့် ခံစားရပုံကို ကိုယ်တိုင်သိမြင် ခံစားနိုင်သော တရားစစ် တရားမှန် ဖြစ်၏။
ယုတ်စွာ့အဆုံး အလှူဒါနပြုရာ၌ပင် မိမိလှူဒါန်းသော အလှူဒါနကို အလှူခံပုဂ္ဂိုလ်များ နှစ်သက် ၀မ်းမြောက်စွာ သုံးဆောင်ခံစားသည်ကို တွေ့မြင်ရသည့်ခဏ အလှူရှင်ပုဂ္ဂိုလ်သန္တာန်၌ ရွှင်လန်းဝမ်းမြောက်မူ အားရနှစ်သက်မူ ကျေနပ်မူများ ဖြစ်ပေါ်လာသည်ကို ကိုယ်တိုင်ပင် သိရှိခံစားရ၏။ တဆင့်ပြောစကားနှင့် ခံစားခြင်းမဟုတ်ပေ။
ထိုမျှမက အလှူရဲ၍ မမွဲနိုင်သည့်အပြင် လှူလေ တိုးလေ အကျိုးပေးလေ ဖြစ်ပုံကိုလည်း ယခုဘ၀၌ပင် လက်တွေ့သိမြင် ခံစားကြရ၏။ ဤဒါန၏ သန္ဒိဋ္ဌိက ဖြစ်ပုံတည်း။
ထို့အတူ သိလမူ၌လည်း သန္ဒိဋ္ဌိက ဖြစ်ပုံကို သိရှိနိုင်၏။ သီလစောင့်ထိန်းသည့်အခါ မိမိသီလ မကျိုးမပေါက် မပြောက် မကျားရအောင် သတိ ၀ီရိယ ပညာတရားများ လက်ကိုင်ထား၍ စောင့်ထိန်းသဖြင့် လောဘ ဒေါသ မောဟ တရားများ ဖြစ်ပေါ်မူ နည်းကာ စိတ်တည်ကြည်မူ ချမ်းသာမူ သောက စသောတရားများ ကင်းဝေးမူ စသည်တိုပကို ကိုယ်တိုင် လက်တွေ့ သိရှိခံစားရသည်ပင် ဖြစ်၏။ သီလရှိ၍ ဘေးကင်းပုံ၊ လိုတရပုံများကိုလည်း ကိုယ်တွေ့ခံစားကြရသည်။
သန္ဒိဋ္ဌိက၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ကိုယ်တိုင် လက်တွေ့သိမြင် နိုင်သောတရား” ဟူသော အဓိပ္ပာယ်အပြင် “ဆင်းရဲကင်းကွာ ချမ်းသာလိုသူတိုင်း မမြင် မြင်အောင် ကြည့်ရူထိုက်သော လေ့လာပွားများ ကြိုးစားအားထုတ် ယူသင့်သောတရား” ဟုလည်း ဖွင့်ဆိုကြကုန်၏။ တကယ်လုပ်လျှင် အဟုတ် ဖြစ်သောကြောင့်တည်း။
ဤအချက်ကပင် ဗုဒ္ဓဓမ္မသည် အတွေးအခေါ် ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်ရသော တရားမျိုးမဟုတ်၊ ကိုယ်တိုင်လေ့လာ အားထုတ်၍ အသိဉာဏ်ဦးစီးသော ယုံကြည်မူဖြစ်အောင်လုပ်ယူရသော လုပ်လျှင်ရသော သဘောတရားဖြစ်ကြောင်း သိသာစေ၏။
မှတ်ချက် ။ ။
တရားတော် ဆယ်မျိုးရှိရာတွင် ပိဋကသုံးပုံခေါ်သော ပရိယတ္တိတရားသည် သွားက္ခာတဂုဏ်နှင့်သာ တိုက်ရိုက် သက်ဆိုင်၏။ သန္ဒိဋ္ဌိက စသော ဂုဏ် ၅-မျိုးနှင့်ကား သွယ်ဝိုက်သောနည်းဖြင့်သာ သက်ဆိုင်သည်။ ထို့ကြောင့် သန္ဒိဋ္ဌိကဂုဏ်မှစ၍ “မဂ် ၄-0ပါး၊ ဖိုလ်-၄ပါး၊ နိဗ္ဗာန်” ဟူသော တိုက်ရိုက်မုချသက်ဆိုင်သည့် လောကုတ္တရာတရား ကိုးပါးကိုသာ ဖော်ပြထားသည်။
No comments:
Post a Comment