Thursday, 23 December 2010

၆။ ပါဟုနေယျဂုဏ်တော်


အနက်

ဘဂ၀တော - ရွေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ ဧသ - ဧသော သာဝကသံဃော - အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤစရိယာ သူတော်ကောင်းသည်။ ပါဟုနေယျော - ဝေးရပ်မျိုးနွယ်များ ဧည့်သည်ဖို့ ရည်ရွယ်မှန်းထား ပစ္စည်းများကို ဘုရားတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသည့် ကမ္ဘာဧည့်ကောင်း လွန်ကြုံတောင်းဟု နှစ်ထောင်းရွှင်ကြိုက် ပေးလှူခြင်းငှာလည်း ထိုက်တန်တော်မူပါပေ၏။

ပါဟုနေယျော - ဧည့်ဝတ်ပြုရန် အထူးစီမံထားအပ်သော ပစ္စည်းတို့ကို ခံယူတော်မူထိုက်သော အရိယာ သံဃာတော်မြတ်ပါပေတည်း။


အဓိပ္ပာယ်

လူတို့သည် မိမိတို့အိမ်သို့ ထိုထိုရပ်နီးရပ်ဝေးဒေသများမှ ရောက်ရှိလာမည့် ချစ်ခင်မြတ်နိုးအပ်သော ဆွေမျိုးမိတ်ဆွေ အထူးဧည့်သည်များအတွက် စားကောင်းသောက်ဖွယ်များကို ဖွယ်ဖွယ်ရာရာ အထူးတလည် အကောင်ဆုံးဖြစ်ရန် စီမံထားတတ်ကြ၏။ အရိယာသံဃာတော်များသည် ထိုသို့ အမြတ်တနိုး ဧည့်ကောင်း ဆောင်ကောင်းများအတွက် ရည်ရွယ်ထားသော စားသောက်ဖွယ်မျိုးကိုပင် ခံယူထိုက်သည့်ဂုဏ်နှင့် ပြည့်စုံတော်မူကြ၏။

လောကီလူသား ဧည့်သည်များကို ပြုစုကျွေးမွေးခြင်းသည် အနည်းငယ်သော အကျိုးကိုသာ ဖြစ်ပေါ်စေနိုင်၏။ အရိယာသံဃာတော် အရှင်မြတ်များအား လှူဒါန်းရသော ဒါန၏ အကျိုးကား အတိုင်းမသိ များစွာကြီးမား၏။ အလှူခံ သံဃာတော်၏ သီလ စသောဂုဏ်ကြီးလေ၊ ပို၍ အကျိုးကြီးလေဖြစ်၏။

ထို့ပြင် လောကလူသား ဧည့်သည်များကား အချိန်မရွေး တွေ့ဆုံနိုင်သဖြင့် ခက်ခဲသည်မဆိုသာ၊ သံဃာတော်အရှင်မြတ်များမှာမူ မြတ်စွာဘုရားရှင်တို့ ပွင့်ပေါ်သောအခါ၌သာ ရှိနိုင်၏။ မြတ်စွာဘုရားပွင့်တော်မူမှသာ ပေါ်လာရ၏။ ထို့ကြောင့် အလွန်တရာ တွေ့ဆုံရန် ခက်ခဲလှသော သံသရာ ဧည့်သည်တော်ကြီးများ ဖြစ်ကြ၏။ ခက်ခဲရုံမျှမက သီလ စသော ဂုဏ်အားဖြင့်လည်း လောကလူသား ဧည့်သည်များနှင့် မနိုင်းယှဉ်အပ်၊ အရိယာ သံဃာတော်များနှင့် တူသည့် ဧည့်သည်ကောင်းကား လောကတွင် မရှိ။ မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်အရှင်မြတ် များကို “အလွန်တရာကြုံကြိုက်ခဲလှသော သံသရာ ဧည့်သည်တော်ကြီးများပါတကား” ဟု အလေးအမြတ်ထား၍ လှူဒါန်းထိုက်သောကြောင့် အရိယာ သံဃာတော် အရှင်မြတ်များသည် ပါဟုနေယျဂုဏ်တော်နှင့် ပြည့်စုံတော်မူကြပေသည်။

No comments:

Post a Comment