အနက်
သောဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ = ဣမိနာ စ ကာရဏေန - ဇာတိ ပုည ဂုဏ် ဗလနှင့် လောကတန်ခိုး ပညာကိုး၍ မာန်ဆိုးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ သစ္စကနှင့် အာဠ၀က၊ ဗြဟ္မာ အင်္ဂုလိမာလစသော သတ္တ၀တို့ကို ဒေသနာဆေး အမြိုက်ကျွေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမူဝယ် အတုမရှိ သာလွန်မြင့်မြတ်သော ဤအကြောင်းကြောင့်လည်း။ အနုတ္တရော ပိုသဒမ္မသာရထိ - အနုတ္တရော ပုရိသဒမ္မသာရထိုသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန် ဗြဟ္မာဘုံတိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။
အနုတ္ထရော ပုရိသဒမ္မသာရထိ = လွန်စွာရိုင်းပြ ခက်ထန်လှသဖြင့် ဆုံးမထိုက်သော သတ္တ၀ါတို့ကို လိမ်မာယဉ်ကျေးအောင် အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
အဓိပ္ပာယ်
မြတ်စွာဘုရားသည် ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမသင့် ဆုံးမထိုက်သော လူကြမ်း နတ်ကြမ်း၊ တိရစ္ဆာန်ကြမ်း သတ္တ၀ါကြမ်းကြီးများကိုပင် ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အတုမရှိ စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပေသည်။
ဤလောကတွင် မြတ်စွာဘုရားထက် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် (အရတ္တဖိုလ်တည်းဟူသော) ၀ိမုတ္တိဂုဏ် (ပစ္စဝေက္ခဏဉာဏ်တော်တည်းဟူသော) ၀ိမုတ္တိဉာဏဒဿနဂုဏ် သာလွန်သော ပုဂ္ဂိုလ်မရှိ၊ အတု အတူလည်းမရှိ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ဤလောကကြီးအတွင်း၌ ဇာတိမာန် ပုညမာန် ဂုဏမာန် ဗလမာန် ဣဒ္ဓိမာန် လောကီပညာမာန် ဣဿရိယ (အစိုးရမူ) မာန်အမျိုးမျိုးကို အားကိုးကာ အခြားသူများကို လွှမ်းမိုးနှိပ်စက် နိုင်ထက်ကလူ ပြုမူနေသူများ ရှိကြသည်။ ထိုကြမ်းတမ်းခက်ထန်သော တိရစ္ဆာန်များ လူများ နတ် နဂါး ဘီလူးများ ဗြဟ္မာများ၏ ဒီဋ္ဌိကိုချ ဒေါသကိုဖယ် မာန်စွယ်ကို ချိုးနှိမ်ပြီး ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမတော်မူခဲ့သည်။
အပလာလ၊ စူဠောဒရ၊ အဂ္ဂိသိခ၊ ဓူမသိခ၊ အရ၀ါဠ၊ နန္ဒောပနန္ဒ စသော နဂါးမင်းတို့ကို လည်ေးကာင်း၊ နာဠာဂီရိဆင်ကြမ်းကြီးကို လည်းကောင်း၊ အာဠ၀က၊ သုစိလောမ၊ ခရလောမ စသော ဘီလူးကြမ်းကြီး များကိုလည်းကောင်း ဆုံးမတော်မူကာ သရဏဂုံသုံးပါး၊ ငါးပါးသီလတို့၌ တည်စေတော်မူခဲ့သည်။ အင်္ဂုလိမာလ၊ သစ္စကပရိဗိုဇ်၊ အမ္ဗဋ္ဌလုလင်၊ ပေါက္ခရသာတိပုဏ္ဏား၊ သောဏဒဏ္ဍပုဏ္ဏား၊ ကူဋဒန္တပုဏ္ဏား စသော ပညာရှိ မာန်ကြီးသူများကို လည်းကောင်း၊ မာရန်နတ်သား ဗကဗြဟ္မစသော နတ်ဗြဟ္မာများကို လည်းကောင်း နည်းမျိုးစုံလင်၍ ဆုံးမချေချွတ်တော်မူခဲ့သည်။
ဤသို့လျှင် မြတ်စွာဘုရားသည် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် စသည့်အရာဝယ် ပြိုင်ဘက်မရှိ မြင့်မြတ်တော်မူ၍ ဆုံးမထိုက်သော သတ္တ၀ါကြမ်းကြီးများကို ယဉ်ကျေးအောင် ဆုံးမတော်မူရာ၌ အတု အတူမရှိ အမြတ်ဆုံးပုဂ္ဂိုလ်ကြီး ဖြစ်သဖြင့် အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်ထူးဖြင့်လည်း ချီးကျူးပူဇော်ရသည်။
No comments:
Post a Comment