Thursday, 23 December 2010

၎။ သာမီစိပ္ပဋိပန္နဂုဏ်တော်


အနက်

ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ သာဝကသံဃော - ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။ သာမီစိပ္ပဋိပန္နော - လူတို့ပြုစု ရိုသေမူနှင့် သင့်လျော်ထိုက်တန်အောင် ကျင့်ကြံတော်မူတတ်ပါပေ၏။

သာမီစိပ္ပဋိပန္နော = ရိုသေမူနှင့် လျော်အောင် ကျင့်တော်မူတတ်သော အရိယာ သံဃာတော်မြတ်ပါ ပေတည်း။


အဓိပ္ပာယ်

အရိယာ သံဃာတော်အရှင်မြတ်များသည် လူဒကာ ဒကာမတို့ မိမိတို့အား ရိုသေသမူ ပြုစုလှူဒါန်းခြင်းနှင့် လျော်ညီအောင် ကျင့်တော်မူကြသည်။

လူဒကာ ဒကာမများက မိမိတို့ အမြတ်တနိုး စီမံထားသော အစားအသောက် ဆေးဝါး အ၀တ်အထည်နှင့် အဆောက်အဦးများကို သံဃာတော်များအား ရက်ရက်ရောရော လှူဒါန်းကြ၏။ လက်အုပ်ချီမိုး ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း စသော ရိုသေသမူ ပူဇော်မူများကိုလည်း ပြုကြ၏။ သံဃာတော်များကလည်း လူဒကာ ဒကာမများက ရိုသေသမူ ပြုခြင်း၊ လှူဒါန်းခြင်းများနှင့် ထိုက်တန်အောင် ကျင့်တော်မူကြပေသည်။ အလှူခံပုဂ္ဂိုလ်က မြင့်မြတ်လေလေ - လှူဒါန်းသူမှာ အကျိုးများလေလေ ဖြစ်၏။ ထို့ကြောင့် အရိယာ သံဃာတော်များသည် လှူဒါန်းသူ ဒါယကာတို့ အကျိုးများရန် မိမိတို့၏ အကျင့်ဂုဏ်ကို အမြဲတမ်း မြှင့်တင်ပေးကြ၏။

မြတ်စွာဘုရားက - မေတ္တာဘာဝနာပွားများခြင်း၊ သတိပဋ္ဌာန်း တရားရူပွားခြင်း၊ ကိလေသာကင်းအောင် ကြိုးစားခြင်းသည် ပြည်သူတို့၏ ဆွမ်းကို အချည်းနှီးမဖြစ်အောင်၊ အကျိုးရှိအောင် သုံးဆောင်ခြင်းမည်၏ ဟု ဟောတော်မူထား၏။ ဤအချက်ဖြင့် ဘာဝနာမူမပါဘဲ သီလမူဖြင့် ဆွမ်းအကျိုးအလွန်ကြီးအောင် မဆောင်ရွက်နိုင်သေးကြောင်း သိနိုင်၏။ သီလမျှပင် မရှိလျှင်မူကာ ပြည်သူတို့၏ဆွမ်းကို အချည်းနှီး ဖြုန်းတီးနေသူသာဖြစ်၏။

ထို့ကြောင့် ပြည်သူတို့၏ ရိုသေဆည်းကပ်မူ၊ လှူဒါန်းပူဇော်မူ၊ ဝေယျာဝစ္စ ဆောင်ရွက်မူတို့နှင့် လျော်ကန်ထိုက်တန်အောင် သီလ သမာဓိ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူကြသော အရိယာ သံဃာတော် အရှင်သူမြတ်တို့မှာ သာမီစိပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံသော သံဃာတော်များ ဖြစ်ကြပေသည်။

No comments:

Post a Comment