Friday, 17 December 2010

၈။ ဗကဗြဟ္မာကို အောင်တော်မူခြင်း


ဗကဗြဟ္မာသည် ပထမဈာန်ဘုံ၌နေသော မဟာဗြဟ္မာကြီးဖြစ်၏။ သူ၏ တန်ခိုးအာဏာသည် လောဓာတ် စကြ၀ဠာပေါင်း တစ်ထောင်အတွင်း၌ ပျံ့နှံ့၏။ ကျော်စောသတင်းကြီး၍ အချွေအရံလည်း များပြား၏။ သူသည် ဗြဟ္မာဘုံ၌ အနေကြာလာခဲ့သဖြင့် အတိတ်ဖြစ်စဉ်များကိုမေ့ပျောက်ပြီး ဤကိုယ်ခန္ဓာနှင့် ဗြဟ္မာလောကသည် မပြိုမကွဲ အစဉ်မြဲ၏။ ထာဝရ ခိုင်ခံ့တည်တံ့၏။ စသည်ဖြင့် သဿတမိစ္ဆာဒိဌိအယူကို စွဲယူလေသည်။

မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့၊ သုဘဂတောအုပ်၊ အင်ကြင်းပင်ရပ်၌ သီတင်းသုံးတော်မူနေစဉ် ဗကဗြဟ္မာ၏ မိစ္ဆာဒိဋ္ဌိစိတ်အကြံကို သိတော်မူ၍ ဗကဗြဟ္မာကြီးကို ဆုံးမကယ်ချွတ်ရန် ဗြဟ္မာ့ပြည်သို့ ကြွတော်မူသည်။ မြတ်စွာဘုရားကိုမြင်လျှင် ဗကဗြဟ္မာကြီးက နူတ်ခွန်းဆက်စကားကို ပြောဆိုပြီးနောက် -

“ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကသည် မပြိုမကွဲ အစဉ်မြဲ၏။ ထာဝရခိုင်ခံ့တည်တံ့၏” စသည်ဖြင့် သူ၏ သဿတမိစ္ဆာဒိဋ္ဌိအယူကို ပြောဆိုသည်။ ထက်ရပ်ဝန်းကျင်မှ ရောက်လာကြသော ဗြဟ္မာပရိတ်သတ်ရှေ့မှာ မြတ်စွာဘုရားက -

“အချင်းတို့ … ဗကဗြဟ္မာသည် မိုက်မဲလှ၏။ ဗကဗြဟ္မာသည် မမြဲသောတရားကို မြဲ၏ဟု ဆို၏။ မခိုင်ခံ့ မတည်တံ့၊ ပြီးပြည့်စုံခြင်းမရှိ၊ ရွေ့လျောတတ်သော တရားတို့ကို ခိုင်ခံ့၏။ တည်တံ့၏၊ ပြီးပြည့်စုံ၏။ မရွေ့လျားတတ်ဟု ဆိုလေသည်။ (ပထမဈာန်) ဗြဟ္မာဘုံလောက၌ ပဋိသေန္ဓ နေသူ၊ အိုသူ၊ သေသူ၊ ရွေ့လျားသူ၊ တဖန်ရောက်လာသူများ ရှိနေပါလျက် မရှိဟုလည်း ဆို၏။ ဤ ပထမဈာန် ဗြဟ္မာ့ဘုံလောကမှ တပါး ဒုတိယဈာန်၊ တိတိယဈာန်၊ စတုတ္ထဈာန် ဗြဟ္မာ့ဘုံလောကများ၊ မဂ်ဖိုလ်နှင့် နိဗ္ဗာန်ဟူသော သာလွန်မြင့်မြတ်သော ထွက်မြောက်ရာများရှိပါလျက် မရှိဟုလည်း ဆို၏” စသည်ဖြင့် ဗကဗြဟ္မာကြီး၏ မိစ္ဆာဒိဌိအယူမှားကို သုံးသပ်ဝေဖန်၍ ဟောပြတော်မူလေသည်။

ထိုအခါ ဗကဗြဟ္မာက သူသည် အမှန်ကိုသာ ယူဆပြောဆိုခြင်း ဖြစ်ကြောင်း မြတ်စွာဘုရား၏ မိန့်ဆိုချက်ကို ငြင်းပယ်လေသည်။ ထို့ပြင် -

“ရဟန်းကြီး … ဤလောက၌ သင့်ထက်ရှေးကျသော သမဏ ဗြာဟ္မဏတို့သည် ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကမှ တပါး အခြားလွတ်မြောက်ရာ ရှိ မရှိကို သိကြသည်။ သင်သည် အခြားလွတ်မြောက်ရာ ကို တွေ့လိမ့်မည်မဟုတ်” ဟု ပြောဆိုပြန်လေသည်။ မြတ်စွာဘုရားက -

“ဗြဟ္မာ … ဤပထမဈာန်ဘုံလောကမှ တပါးသော ဘုံဘ၀ လောကများ ရှိသေးသည်သာ။ သင်သည် အာဘဿရ ဗြဟ္မာဘုံ ဘ၀မ စုတေခဲ့၍ ဤပထမဈာန်ဘုံဘ၀သို့ ရောက်လာရသူဖြစ်၏။ သင်သည် ဤဘုံဘ၀၌ အနေကြာခဲ့၍ သတိမေ့နေခြင်း ဖြစ်သည်။ ထိုအဘဿရဘုံဘ၀ကို သင်က မသိမမြင်တော့သော်လည်း ငါဘုရား သိမြင်၏” ဟု ထုတ်ဖော် ဟောပြတော်မူလေသည်။

ထိုမျှမက ဗကဗြဟ္မာ၏ ရှေးဘ၀က ကျင်ခဲ့သော တရားများ၊ (စတုတ္ထဈာန် ဗြဟ္မာဘုံရှိ) ဝေဟပ္ဖိုလ်ဘုံ၊ (တတိယဈာန် ဗြဟ္မာ့ဘုံရှိ) သုဘကိဏှဘံုံ၊ (ဒုတိယဈာန် ဗြဟ္မာ့ဘုံရှိ) အာဘဿရဘုံများ၌ ဗကဗြဟ္မာ ဖြစ်ခဲ့ပုံများ၊ ရှေးလူ့ဘ၀တွင် ဗကဗြဟ္မာလောင်းရသေ့ကြီး ပြုလုပ်ခဲ့သော ကုသိုလ်ကံများကိုပါ အကျယ်တ၀င့် ဟောပြတော်မူလေရာ ဗကဗြဟ္မာကြီးသည် အတိတ်ဘ၀ဖြစ်စဉ်များကို ထင်မြင်မှတ်မိ သတိရလာလေ၏။
ထို့ပြင် မြတ်စွာဘုရားက ပထ၀ီဓာတ်စသော သဘောတရားအားလုံးတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်ပုံနှင့် နိဗ္ဗာန်သဘောကို ဆက်လက်ဟောပြတော်မူရာ -

ဗကဗြဟ္မာကြီးသည် မိမိ၏ သဿတမိစ္ဆာဒိဋ္ဌိဝါဒကို စွဲမြဲစွာ ဆုပ်ကိုင်မထားနိုင်တော့ချေ။ မြတ်စွာဘုရားနှင့် ယှဉ်ပြိုင်၍ အနိုင်ရအောင်လည်း မပြောဆိုနိုင်တော့ချေ။ သို့ရာတွင် မိမိ၏အရူံးကို ဖုံးကွယ်လို၍ တန်ခိုးချင်းပြိုင်ရန် ပြောဆိုသည်။

“ရဟန်းကြီး … သင်၏ ရှေ့မှောက်၌ ယခုပင် ကျွန်ုပ်ကွယ်လိုက်မည်၊ တွေ့အောင်ရှာလေ့” ဟု ဗကဗြဟ္မာကြီးက ပြောဆိုလျှင် မြတ်စွာဘုရားက “သင်စွမ်းနိုင်လျှင် ကွယ်လိုက်လော့” ဟု မိန့်ဆို၍ ဗကဗြဟ္မာကြီး၏ ကိုယ်ကို ကွယ်ဖျောက်၍ မရအောင် တန်ခိုးဖြင့် တားတော်မူလိုက်သည်။ ဗကဗြဟ္မာကြီးသည် မည်သို့မျှ ကိုယ်ကို ကွယ်ပျောက်အောင် မပြုလုပ်နိုင်ချေ။ ဗကဗြဟ္မာကြီးသည် ကိုယ်ကို အမှောင်ထုဖြင့် ဖုံးလွှမ်းလိုသဖြင့် အမှောင်ထုကြီးကို ဖန်ဆင်းပြန်လေသည်။ မြတ်စွာဘုရားက အမိုက်မှောင်ထုကိုလည်း တန်ခိုးဖြင့် ပယ်ဖျက်ပစ်တော်မူ၏။ ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရားရှေ့မှာ ကိုယ်ကို ကွယ်ပျောက်အောင် မစွမ်းဆောင်နိုင်သဖြင့် ဘုံဗိမာန်နှင့် မဒေသာပင်အတွင်းသို့ ၀င်၍ ပုန်းအောင်းနေ၏။ သို့ရာတွင် သူ့ကို ဗြဟ္မာပရိသတ်က မြင်နေကြရ၏။ မကြံသာသည့်အဆုံး ဆောင့်ကြောင့် ကုပ်ကုပ်ကလေးထိုင်နေသော ဗကဗြဟ္မာကို မြင်နေကြရသော ဗြဟ္မာပရိသတ်များအဖို့ ရယ်ရွှင်ဖွယ် ဖြစ်နေတော့၏။

ဗြဟ္မာများက ပြောင်လှောင်ကြသဖြင့် ဗကဗြဟ္မာကြီး မျက်နှာ မသာမယာ ရှိလေ၏။

“ဗြဟ္မာ … သင် မပုန်းကွယ်နိုင်လျှင ငါဘုရားပုန်းကွယ်ပြမည်” ဟု မြတ်စွာဘုရားက မိန့်တော်မူပြီး ဗြဟ္မာပရိသတ်၏ ရှေ့မှောက်မှာ ခန္ဓာကိုယ်တော်ကို ကွယ်ပျောက်စေတော်မူလေသည်။ မြတ်စွာဘုရားကို မည်သူမျှ မမြင်ကြရတော့ချေ။ မြတ်စွာဘုရားက ထိုသို့ ကွယ်ပျော်ကနေလျက်ကပင် တရားဓမ္မပင် ဟောပြတော်မူလေ၏။

“အို ဗြဟ္မာအပေါင်းတို့ ငါဘုရားသည် ကာမ ရူပ အရူပ ဘုံဘ၀တို့၌ ပဋိသန္ဓေနေကြသူတို့၏ အို နာ သေ ဘေးကို သိမြင်တော်မူ၏။ နိဗ္ဗာန်ကို ရှာဖွေရင်း လမ်းမှားနေကြသော သတ္တ၀ါတိုပ၏ ထိုထို ဘုံဘ၀တို့၌ မရပ်မနား ဖြစ်ပွားကြရခြင်း၊ ဆင်းရဲဒုက္ခ၌ စွဲလမ်းနေခြင်းကိုလည်း မြင်တော်မူ၏။ ထို့ကြောင့် ငါဘုရားသည် မြဲ၏ဟု အထင်မမှားတော့ပြီ။ ထိုထိုဘ၀တို့၌ စွဲလမ်းတတ်သော တဏှာကိုလည်း မဂ်လေးပါးဖြင့် ပယ်ဖြတ်ပြီဖြစ်၍ စွဲလမ်းတပ်မက်မူ ကင်းကွာခဲ့ချေပြီ။

ဗြဟ္မာပရိသတ်သည် မြတ်စွာဘုရား၏ ရုပ်ဆင်းတော်ကို မမြင်ရဘဲ သာယာချိုမြိန်သော အသံတော်ကိုသာ ကြားနေရလ၏။ မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နာယူရသဖြင့် ဗြဟ္မာအများ တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

ဗကဗြဟ္မာကြီးလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ချီးမွမ်းပြောဆိုပြီး မိစ္ဆာအယူကို စွန့်လေတော့သည်။

No comments:

Post a Comment