သုဗြဟ္မနတ်သား၌ အခြံအရံနတ်သမီးတစ်ထောင်ရှိသည်။ နန္ဒ၀န်ဥယျာဉ်တွင် နတ်တို့၏ စည်းစိမ်ကို ခံစားရင်း နတ်သမီးငါးရာသည် ဘ၀ဟောင်း အကုသိုလ်ကံကြောင့် နတ်ပြည်မှ စုတေပြီး ငရဲသို့ ကျခဲ့ရသည်။ သုဗြဟ္မနတ်သားသည် ထိုအဖြစ်ကို မြင်ပြီး သူ၏ နောင်ရေးကို ဆင်ခြင်ကြည့်ရာ ယနေ့မှ ခုနှစ်ရက်လွန်လျှင် နတ်သက်ကြွေ စုတေကွယ်လွန်ပြီး အ၀ီစိငရဲ၌ ကျရောက်မည့် ဘေးဒုက္ခကြီးကို တွေ့မြင်ရ၍ အလွန်ထိတ်လန့်ကြောက်ရွံ့မိသည်။ ထို့ကြောင့် မြတ်စွာဘုရားထံမှောက် ရောက်ရှိသွားသည်။ ဘုရားရှင်က နတ်သားအား “နာညတြ” အစချီသော ပစ္စုပ္ပန်သံသရာ ချမ်းသာကြောင်း ဂါထာကို ဟောကြားတော်မူခဲ့သည်။
သုဗြဟ္မာနတ်သားသည် ဒေသနာတော်ကို ကြားနာရပြီးသည့် အဆုံး၌ သောတာပန်အရိယာ ဖြစ်သွား၍ အပါယ် ငရဲဘေးမှ ကင်းဝေးကာ အသက်ရှည်ကြာစွာ နတ်စည်းစိမ်ကို ခံစားသွားရသည်။
ဂါထာ
နာညတြ ဗောဇ္ဈာတပသာ။ နာညတြိန္ဒြိယသံဝရာ။
နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ။
မြန်မာပြန်
ဗောဇ္ဈင်တရား ပွားများခြင်း၊ ကိလေသာတရား ခေါင်းပါးအောင်ကျင့်ခြင်းကို ကြဉ်ထား၍ သတ္တ၀ါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။ ဣနြေ္ဒတို့ကို စောင့်ရှောက်ခြင်းကို ကြဉ်ထား၍ သတ္တ၀ါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။ အလုံးစုံ တွယ်တာခြင်းကင်းသော နိဗ္ဗာန်ကို ကြဉ်ထား၍ သတ္တ၀ါတို့၏ ချမ်းသာခွင့်ကို ငါဘုရားမမြင်။
မှတ်ချက်
ဤဂါထာများမှာ သစ္စာတရားကို ဖော်ပြသော ဂါထာများဖြစ်၍ အဆုံးပိုဒ်တွင် “ဧတေန သစ္စ၀ဇ္ဇန၊ သောတ္ထိ မေ ဟောတု သဗ္ဗါ” ဟုထည့်သွင်း ရွတ်ဆို ပူဇော် သစ္စာပြုနိုင်သည်။ ဧတေန သစ္စ၀ဇ္ဇန၊ ဤသို့ မှန်ကန်စွာဆိုရသော သစ္စာစကားကြောင့်။ မေ၊ တပည့်တော်အား။ (တေ၊ သင့်အား)။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
No comments:
Post a Comment