ရဟန်းတို့ ! ဥစ္စာ ၅-မျိုးဟူသည်မှာလည်း -
၁။ သဒ္ဓါ၊
၂။ သီလ၊
၃။ သုတ၊
၎။ စာဂ၊
၅။ ပညာတို့ပင်တည်း။
၁။ သဒ္ဓါဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် - မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညူတဉာဏ်တော်ကို ဤသို့ ယုံကြည်သည် - (အကျယ် သေခဗလ၀ဂ်၊ ၀ိတ္တတသုတ် ရူ)
၂။ သီလဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်သတ်ခြင်း, မပေးသည်ကို ယူခြင်း, ကိုယ်ပိုင်မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမ ဆက်ဆံခြင်း, မဟုတ်မမှန် ပြောဆိုခြင်း, မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်သောက်ခြင်းတို့မှ ရှောင်ကြဉ်သည်။
၃။ သုတဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာ တပည့်သည် ဗဟုသုတ ရှိသည်၊ ဗဟုသုတများကို မမေ့ပျောက်အောင် ထိန်းသိမ်းထားသည်၊ ထပ်၍လည်း ဗဟုသုတ ဆည်းပူးသည်။
ယင်း ဆည်းပူးရမည့် ဗဟုသုတများ ဟူသည်မှာ -
(က) အနက်သဒ္ဒါ စနစ်လည်း ကျနသော မြတ်သောအကျင့်, လိုအပ်ချက်မရှိ ပြည့်လည်း ပြည့်စုံသော မြတ်သောအကျင့်, ဖယ်ရှားဖွယ်မရှိ စင်လည်း စင်ကြယ်သည့် မြတ်သောအကျင့်ကို ဖော်ပြတတ်သော တရားများနှင့်
(ခ) စ, လယ်, အဆုံး ကောင်းခြင်းသုံးပါးရှိသော တရားများကို ဆိုလိုသည်။
ထိုတရားများကို များစွာ ကြားနာဖူးသည်၊ ဆောင်ထားသည်၊ နူတ်ဖြင့်လည်း လေ့ကျက်ထားသည်၊ စိတ်ဖြင့်လည်း ဆင်ခြင် မှတ်သားထားသည်၊ ပညာဖြင့်လည်း ကောင်းစွာ ထိုးထွင်း၍ သိသည်။
၎။ စာဂဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် မစ္ဆရိယ အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေသည်၊ လွတ်လွတ် စွန့်ကြဲသည်၊ စင်ကြယ်သန့်ရှင်းသော လက်ရှိသည်၊ ပေးကမ်းစွန့်ကြဲမူကို နှစ်ခြိုက်သည်၊ တောင်းခံလာသောအခါ လှူဒါန်းဖို့ အဆင်သင့်ဖြစ်နေသည်၊ ပေးကမ်းမူ၊ ခွဲဝေမူတို့ကို နှစ်ခြိုက်သည်။ (မစ္ဆရိယ - နှမြောတွန့်တိုမူ)
၅။ ပညာဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် - ပညာရှိသည်၊ ဖြစ်မူ ပျက်မူကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်ပညနှင့် ပြည့်စုံသည်။
ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မန့်တော်မူပြန်သည်မှာ -
“ဘုရား, တရား, သံဃာအပေါ်၌ မတုန်မလူပ် ယုံကြည်သော သဒ္ဓါ၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်ချီးမွမ်းအပ်သော သီလ၊ ဖြောင့်မတ်သော ဉာဏ်အမြင်များရှိသူကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကြသည်၊ ထိုသူ၏ အသက်ရှင်ခြင်းကား အချည်းနှီး မဟုတ်ချေ။
ထို့ကြောင့် ဘုရားရှင်တို့၏ အဆုံးအမတော်ကို အောက်မေ့သော ပညာရှိသည် - သဒ္ဓါ, သီလ, သုတ, စာဂ၊ ပညာတို့ကို အဖန်ဖန် အားထုတ်ရာသည်။”
ဆောင်သဒ္ဓါ, သီလ, သုတ, စာဂါ၊ ပညာပါ၊ ငါးဖြာ မြတ်ဥစ္စာ။
သတ္တမသုတ် ပြီး၏။
No comments:
Post a Comment