ရဟန်းတို့ ! သေက္ခပုဂ္ဂိုလ် ခွန်အား ၅-မျိုးမှာ -
၁။ သဒ္ဒါ၊ ၂။ ဟိရီ၊ ၃။ သြတ္တပ္ပ၊ ၄။ ၀ီရိယ၊ ၅။ ပညာ တို့တည်း။
၁။ သဒ္ဓါ ခွန်အား ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် -
မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော်ကို ဤသို့ ဤပုံ ယုံကြည်သည် -
“မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့် အရဟံ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ တရားအားလုံးကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် သမ္မာသမ္ပုဒ္ဓ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့် ၀ိဇ္ဇာစရဏ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့် သုဂတ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါ ပေသည်၊ သတ္တသြကာသ သင်္ခါရဟူသော လောကသုံးခွင် ဘုံအပြင်ကို သိတော်မူသော အကြောင်းကြောင့် လောက၀ိဒူဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့် အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ နတ်, လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် သတ္ထာဒေ၀မနုဿာန ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ သစ္စာ ၄-ပါး မြတ်တရားကို ကိုယ်တိုင်သိတတ်, သူတစ်ပါးကို သိစေတော်မူတတ်သော အကြောင်းကြောင့် ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်” ဟု ယုံကြည်သည်။
မှတ်ချက် - အဋ္ဌသာလိနီ ဘာသာဋီကာ နိသျ၌ ယုံကြည်ရာ ဌာနကို ဘုရား, တရား,သံဃာ,ကံ,ကံ၏ အကျိုးအားဖြင့် ၅-မျိုးပြသည်။ အချို့က ပစ္စုပ္ပန်လောက, တမလွန်လောက ၂-ဌာန သွင်း၍ ၇-ဌာန ပြလေ့ရှိသည်။ ဤ၌ ဘုရားဂုဏ်တော်ကိုသာ ပြခြင်းသည် ပဓာနနည်း,နိဒဿနနည်း,ဥပလက္ခဏနည်း ဟု ဆိုသင့်သည်။
၂။ ဟိရီ ခွန်အား ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် -
ကာယဒုစရိုက်, ၀စီဒုစရိုက်, မနော ဒုစရိုက်တို့မှ ရှက်သည်၊ ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပြုကျင့်ခြင်းမှ ရှက်သည်။
၃။ သြတ္တပ္ပ ခွန်အား ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် -
ကာယဒုစရိုက်, ၀စီဒုစရိုက်, မနောဒုစရိုက်တို့မှ ကြောက်လန့်သည်၊ ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပြုကျင့်ခြင်းမှ ကြောက်လန့်သည်။
၎။ ၀ီရိယ ခွန်အား ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် -
အကုသိုလ်တရားတို့ကို ပယ်ရန်, ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော ၀ီရိယဖြင့်သာ နေထိုင်သည်၊ ကုသိုလ်တရားတို့၌ ၀ီရိယအား ကောင်းသည်၊ လုံ့လ၀ီရိယ ခိုင်မြဲသည်၊ တာဝန်ကို ပစ်ချမထား။
၅။ ပညာ ခွန်အား ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် -
ပညာရှိသည်၊ ဖြစ်မူ ပျက်မူကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာရောက်စေနိုင်သော မြတ်ပညာနှင့် ပြည့်စုံသည်။
ဤသို့ မြတ်စွာဘုရား မိန့်ကြားတော်မူသော တရားစကားကို ရဟန်းတော်များက နှစ်ကိုဝမ်းမြောက်စွာ ခံယူကြပါသည်။
ဆောင် - အရဟတ္တမဂ်ဉာဏ်၊ သပ္ပဉ်ဉာဏ်နှင့် တစ်ဖန်ဗုဒ္ဓ၊ ဂုဏ်ကိုးဝကို၊ လွန်ကြည်ညို၊ မိန့်ဆို သဒ္ဓါအား။
ဒုစရိုက်မူ၊ အကုစုမှ၊ ရှက်လေကမူ၊ ဟိရီယူ၊ ကြောက်မူ သြတ္တပ္ပခွန်အား။
အကုပယ်ရှား၊ ကုဖြစ်ပွားဖို့၊ ကြိုးစားသမူ၊ ကုသိုလ်စုမှ၊ ၀န်မချ၊ မုချ ၀ီရိယအား။
ဖြစ်,ပျက် သိကာ၊ ကိလေသာဖောက်၊ နိဗ္ဗာန်ရောက်စေ၊ သုံးထွေအရာ၊ သိမြင်တာ၊ မှန်စွာ ပညာအား။
ဒုတိယသုတ် ပြီး၏။
No comments:
Post a Comment