မင်းအဖြစ် မျှော်လင့်နိုင်သူ
ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်းမျိုးမင်းနွယ်လည်းဖြစ်, ဦးထိပ်၌ အဘိသိက်လည်း သွန်းအပ်ပြီးသော မင်း၏သားကြီးသည် မင်းအဖြစ်ကို တောင့်တသည်။
ယင်း ၅-မျိုးမှာ -
ဤလောက၌ အဆိုပါ မင်း၏ သားကြီးသည် -
၁။ မိဖက်, ဖဖက် နှစ်ဖက်စလုံးမှ ကောင်းသော ဇာတ်ရှိသည်၊ ဘိုးဘေး ခုနှစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိသည်။ ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။
၂။ အတော့်ကို လှသည်၊ ကြည့်လို့ ကောင်းသည်၊ စိတ်ကို ဆွဲဆောင် နိုင်သည်၊ အဆင်းသဏ္ဌာန် အလွန့်အလွန် ပြည့်စုံသည်။
၃။ မိဘတို့ ချစ်ခင်မြတ်နိုးခံရသည်။
၎။ နိဂုံး ဇနပုဒ်နေသူတို့ ချစ်ခင်မြတ်နိုးခံရသည်။
၅။ မင်းတို့ တတ်သင့် တတ်ထိုက်သော ဆင်စီး, မြင်းစီး, ရထားစီး အတတ်, လေးအတတ်, ဓားခုတ်, လှံထိုး အတတ် မျိုးစုံကို အပြည့်အစုံ သင်ယူပြီးဖြစ်သည်။
ထိုမင်းသားအား ဤသို့ အကြံဖြစ်သည် -
“ငါသည် ဖော်ပြပါ အင်္ဂါများနှင့် ပြည့်စုံသူ ဖြစ်သည်။ အဘယ်ကြောင့် မင်းအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း” ဟု အကြံဖြစ်သည်။
ရဟန္တာအဖြစ် မျှော်လင့်နိုင်သူ
ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ရဟန္တာအဖြစ်ကို တောင့်တသည်။
ယင်း ၅-မျိုးမှာ -
ဤသာသနာတော်၌ ရဟန်းသည် -
၁။ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်သည်။
၂။ အနာရောဂါ ကင်းသည်။
၃။ စဉ်းလဲမူ လှည့်ပတ်မူ မရှိ။
၎။ အကုသိုလယ်ပယ်ရှားရန် ကုသိုလ်ဖြစ်ပွါးစေရန် ကြိုးစား အားထုတ်တတ်သည်။
၅။ ပညာရှိသည်။
(ဤအင်္ဂါများ၏ အကျယ်ကို နီဝရဏ၀ဂ်၊ ပဓာနိယင်္ဂ သုတ်အတိုင်း သိလေ)
ထိုရဟန်းသည် ဤသို့ အကြံဖြစ်သည် -
“ငါသည် ဖော်ပြပါတရားများနှင့် ပြည့်စုံသူဖြစ်သည်။ အဘယ်ကြောင့် ရဟန္တာအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း” ဟု အကြံဖြစ်သည်။
ဆောင် - မျိုးနွယ်သန့်ရှင်း၊ အဆင်းလည်း လှ၊ မိဘ တိုင်းသူ၊ ကြည်ဖြူချစ်ခင်၊ စုံလင် အတတ်၊ ငါးရပ် ပိုင်ငြား၊ မင်း၏ သား၊ စောင့်စား မင်းအဖြစ်တိုင် မျှော်မှန်းနိုင်။ (မင်းသားအတွက်
ယုံကြည်, ကျန်းမာ၊ ရိုးဖြောင့်စွာ နှင့်၊ လွန်စွာ ကြိုးစား၊ ဖြစ်, ပျက်များ မြင်၊ ထိုအရှင်၊ မှန်ပင် ရဟန္တာအဖြစ်တိုင် တောင့်တနိုင်။ (ရဟန်းအတွက်)
ပဉ္စမသုတ် ပြီး၏။
No comments:
Post a Comment