၁။ အာဝရဏသုတ်
ဤသို့ အကျွန်ုပ် ကြားနာခဲ့ရပါသည်၊ မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်း အာရာမ်၌ သီတင်းသုံး နေတော်မူစဉ်အခါက ဖြစ်ပါသည်။
မြတ်စွာဘုရားက “ရဟန်းတို့” ဟု ခေါ်တော်မူလျှင် ရဟန်းတို့ကလည်း “အရှင်ဘုရား” ဟု ပြန်ကြားလျှောက်ထားကြသည်။ ထိုအခါ မြတ်စွာဘုရားက -
“ရဟန်းတို့ ! ပိတ်ဆို့တတ်, တားမြစ်တတ်, စိတ်ကို လွှမ်းမိုးတတ်, ပညာအားနည်းအောင် ပြုတတ်သော တရားတို့သည် ၅-မျိုးတည်း။
ယင်း ၅-မျိုးမှာ -
၁။ ကာမစ္ဆန္ဒ၊
၂။ ဗျာပါဒ၊
၃။ ထိန, မိဒ္ဓ၊
၎။ ဥဒ္ဓစ္စ, ကုက္ကုစ္စ၊
၅။ ၀ိစိကိစ္ဆာ တို့တည်း။
ယင်း ၅-မျိုးတို့သည် ပိတ်ဆို့တတ်ကြသည်၊ တားမြစ်တတ်ကြသည်၊ စိတ်ကို လွှမ်းမိုးတတ်ကြသည်၊ ပညာအားနည်းအောင် ပြုတတ်ကြသည်။
(ကာမစ္ဆန္ဒ-ကာမဂုဏ်လိုလားမူ၊ ဗျာပါဒ-သူတပါးကို ပျက်စီးစေလိုမူ၊ ထိနမိဒ္ဓ-စိတ်, စေတသိက်တို့၏ လေးလံထိုင်းမိုင်းမူ၊ ဥဒ္ဓစ္စ -စိတ်မတည်ငြိမ်မူ၊ ကုက္ကုစ္စ-နောင်တပူပန်မူ၊ ၀ိစိကိစ္ဆာ-ယုံမှားသံသယဖြစ်မူ)
ရဟန်းသည် အဆိုပါ တရား ၅-မျိုးကို မပယ်မူ၍ အားမရှိသော ပညာ အားနည်းသောပညာဖြင့် ကိုယ်ကျိုးကို ဖြစ်စေ, သူကျိုးကိုဖြစ်စေ, ကိုယ်ကျိုးသူကျိုး ၂-မျိုးလုံကိုဖြစ်စေ ဘယ်နည်းနှင့်မျှ မသိနိုင်။
ထို့ပြင် ထူးမြတ်သူတို့၏ တရားလည်းဖြစ်, ကိလေသာဖျက်ဆီးနိုင်သည့် မြတ်သောဉာဏ်အမြင်ထူးလည်း ဖြစ်သော ဈာန် မဂ် ဖိုလ်တရားကိုလည်း လုံးဝ မျက်မှောက် မပြုနိုင်။
ဥပမာ - လျင်မြန်သော ရေယဉ်လည်းရှိ, ဆောင်ယူထိုက်သည်တို့ကိုလည်း ဆောင်ယူ, အဝေးသို့လည်း စီးဆင်းသွားသော တောင်ကျမြစ်ကို ကမ်းပါးနှစ်ဖက်မှ မြောင်းဝတို့ကို တူးဖောက်ဖွင့်လှစ်ထားလျှင် မြစ်လယ်ရှိ ထိုရေအယဉ်သည် ဖရိုဖရဲ ကွဲပြားပြန့်နှံ့လျက် ဘေးမြောင်းများသို့ ဖြာထွက်သွားသဖြင့် အဝေးသို့ စီးသွားခြင်းလည်း မဖြစ်နိုင်၊ လျင်မြန်သော ရေအယဉ်လည်း မဖြစ်နိုင်၊ ဆောင်ယူထိုက်သည်တို့ကို ဆောင်ယူသွားသည်လည်း မဖြစ်နိုင်သကဲ့သို့တည်း။
ဤတရား ၅-မျိုးတို့ကို ပယ်၍ အားရှိသောပညာဖြင့် ကိုယ်ကျိုးကို ဖြစ်စေ, သူကျိုးကိုဖြစ်စေ, ကိုယ်ကျိုး သူကျိုး ၂-မျိုးလုံးကို ဖြစ်စေ စင်စစ်ဧကန် သိနိုင်လိမ့်မည်။
ထို့ပြင် ထူးမြတ်သူတို့၏ တရားလည်းဖြစ် ကိလေသာ ဖျက်ဆီးနိုင်သည့် မြတ်သော ဉာဏ်အမြင်ထူးလည်း ဖြစ်သော ဈာန် မဂ် ဖိုလ်တရားကိုလည်း စင်စစ်ဧကန် မျက်မှောက်ပြုနိုင်လိမ့်မည်။
ဥပမာ - လျင်မြန်သော ရေအယဉ်လည်းရှိ, ဆောင်ယူထိုက်သည်တို့ကိုလည်း ဆောင်ယူ, အဝေးသို့လည်း စီးဆင်းသွားသော တောင်ကျမြစ်ကို ကမ်းပါးနှစ်ဖက်မှ မြောင်းဝတို့ကို ပိတ်ဆို့ထားလျှင် မြစ်လယ်ရှိ ထိုရေအယဉ်သည် ဖရိုဖရဲ ကွဲပြားပြန့်နှံ့ထွက်မသွားသဖြင့် အဝေးသို့လည်း စီးသွားနိုင်၊ ရေအယဉ်လည်း လျင်မြန်နိုင်၊ ဆောင်ယူထိုက်သည် တို့ကိုလည်း ဆောင်ယူ သွားနိုင်သကဲ့သို့တည်း။
ဆောင် - ကာမစ္ဆန္ဒ၊ ဗျာပါဒနှင့်၊ ထိန, မိဒ္ဓါ၊ တစ်ဖြာ ဥဒ်, ကုက်၊ ပိစိထုတ်၊ အချုပ် နီဝရဏငါး။
မှတ်ချက် - ဤသုတ်၌ ၏ ၀ဋ္ဋ(သံသရာ), ၀ိဝဋ္ဋ(၀ဋ်ကင်းရာ နိဗ္ဗာန်) ၂-မျိုးကို ဟောသည်။
ပထမသုတ် ပြီး၏။
No comments:
Post a Comment