Tuesday, 1 March 2011

၎။ သမယသုတ်


ရဟန်းတို့ ! တရားအားထုတ်ရန် အခါမဟုတ်ခြင်း ၅-မျိုး ဟူသည်မှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရင့်ရော်အိုမင်းနေသည်။

၂။ အနာရောဂါ နှိပ်စက်ခံရသည်ဖြစ်၍ မကျန်းမာသည်။

၃။ သီးနှံထွက် မကောင်းသဖြင့် ငတ်မွတ်ခေါင်းပါးနေသည်၊ ဆွမ်းရဖို့ ခဲယဉ်းသည်၊ သပိတ်လက်စွဲ ဆွမ်းခံခြင်းဖြင့် မျှတခြင်းငှါ မလွယ်ကူ။

၎။ တောပုန်း ဓားပြတို့ ထကြွ သောင်းကျန်းနေသဖြင့် ဇနပုဒ်နေသူတို့ ရရာယာဉ်ဖြင့် လှည့်လည်ပြေးသွားရလောက်အောင် ဘေးအန္တရာယ်နှင့် ကြုံနေသည်။

၅။ သံဃာကွဲပြားနေသည်၊ သံဃာကွဲပြားနေသဖြင့် အချင်းချင်း ဆဲရေးလည်း ဆဲရေးကုန်, ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကုန်, ပစ်ပယ်လည်း ပစ်ပယ်ကုန်, စွန့်ပစ်လည်း စွန့်ပစ်ကုန်သည်၊ ထိုသို့ သံဃာ ကွဲပြားနေသဖြင့် မကြည်ညိုသေး သူတို့သည်လည်း မကြည်ညိုကြ၊ ကြည်ညိုပြီးသော အချို့သူတို့သည်လည်း အကြည်ညိုပျက်ရန် ဖြစ်နေသည်။


တရားအားထုတ်ရန် သင့်လျော်သော အချိန်အခါ ၅-မျိုးဟူသည်မှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ပျိုမြစ်နုနယ် ငယ်ရွယ်သည်။

ဆံပင် မည်းနက်ချိန် ပထမ အရွယ်ဖြစ်သည် အရွယ်ကောင်းနှင့် ပြည့်စုံသည်။

၂။ အနာရောဂါ ကင်းသည်။

အေးပူမလွန်ကဲ အလယ်အလတ်လည်းဖြစ်, တရားအားထုတ်ရန်လည်း သင့်လျော်လျောက်ပတ်, အစာကိုလည်း အညီအမျှ ကြေကျက်စေတတ်သော ၀မ်းမီးနှင့် ပြည့်စုံသည်။

၃။ သီးနှံအထွက်ကောင်းသဖြင့် သာယာဝပြောသည်။

ဆွမ်းရလွယ်သည်၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတခြင်းငှါ လွယ်ကူသည်။

၎။ လူတို့သည် ငြင်းခုံခိုက်ရန် မရှိကြဘဲ နို့နှင့် ရေ ရောထားသကဲ့သို့ ညီညွတ်ကြသည်၊ ၀မ်းမြောက် ၀မ်းသာ ရှိကြသည်၊ အချင်းချင်း ချစ်ခင်သော မျက်လုံးတို့ဖြင့် ကြည့်ရူလျက် နေထိုင်ကြသည်။ သံဃာ ညီညွတ်သည်။

၅။ ငြင်းခုံခိုက်ရန် မရှိဘဲ ၀မ်းမြောက် ၀မ်းသာရှိသည်၊ ပါတိမောက် အတူပြလျက် ချမ်းသာစွာ နေသည်၊ သံဃာ ညီညွတ်နေသဖြင့် အချင်းချင်း မဆဲရေးကြ, မခြိမ်းခြောက်ကြ, မပစ်ပယ်ကြ, မစွန့်ပစ်ကြ၊ ထိုသို့ သံဃာ ညီညွတ်နေသဖြင့် မကြည်ညိုသေးသောသူတို့ သည်လည်း ကြည်ညိုကြသည်၊ ကြည်ညိုပြီးသူတို့လည်း လွန်စွာ ကြည်ညိုကြသည်။

ဆောင် - အိုမင်းရာခါ၊ နာရာခါနှင့်၊ အစာ ရှားပါး၊ ကြုံငြား ဘေးရန်၊ သံဃာ ကွဲပြား၊ အချိန်များ၊ တရား အားမထုတ်နိုင်။

စတုတ္တသုတ် ပြီး၏။

No comments:

Post a Comment