သင်္ဂါရ၀ပုဏ္ဏားသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ၀မ်းမြောက်ဖွယ် သတိရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်တင့်သော နေရာ၌ ထိုင်ကာ မြတ်စွာဘုရားကို ဤသို့ လျှောက်သည် -
“အရှင်ဂေါတမ !
(က) နေ့ညဉ့်ရှည်စွာ ရွတ်အံသရဇ္ဈာယ်ထားပါကုန်လျက်လည်း ဗေဒင်တို့ တစ်ရံတစ်ခါ ဉာဏ်၌ ပေါ်မလာကြပါ၊ မရွတ်အံ မသရဇ္ဈာယ်ပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
(ခ) တဖန် နေ့ညဉ့်ရှည်စွာ မရွတ်အံ မသရဇ္ဈာယ် ထားပါသော်လည်း ဗေဒင်တို့ တစ်ရံတစ်ခါ ဉာဏ်၌ ပေါ်လာကြပါသည်၊ ရွတ်အံထား သရဇ္ဈာယ်ထားပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဤသို့ ဖြစ်ရခြင်းကား အဘယ်ကြောင့်ပါနည်း?။”
ထိုအခါ မြတ်စွာဘုရားက ဤသို့ပြန်လည် မိန့်ကြားတော်မူသည် -
“ပုဏ္ဏား !
၁။ ဖြစ်ပေါ်လာသည့် ကာမရာဂ နှိပ်စက်ခံရသော အခါနှင့် ယင်း ကာမရာဂမှ လွတ်မြောက်မူ နည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အခါတို့၌ - ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ မသိ မမြင်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ထားပါကုန်လျက်လည်း ဗေဒင်တို့ တစ်ခါတစ်ခါ ဉာဏ်၌ ပေါ်မလာကြ၊ မသရဇ္ဈာယ်ပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သောခွက်၌ ချိပ်ရည်, နနွင်း, စိမ်းညိုသော ဆေးရောင်, မောင်းသော ဆေးရောင် တစ်မျိုးမျိုးဖြင့် ရောနေသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ မသိ မမြင်ရာ သကဲ့သို့တည်း။
၂။ ဖြစ်ပေါ်လာသည့် ဗျာပါဒ(ပျက်စီးစေလိုမူ) နှိပ်စက်ခံရသောအခါနှင့် ယင်း ဗျာပါဒမှ လွတ်မြောက်မူ နည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အခါတို့၌ - ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ မသိ မမြင်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ထားပါကုန်လျက်လည်း ဗေဒင်တို့ တစ်ရံတစ်ခါ ဉာဏ်၌ ပေါ်မလာကြ၊ မသရဇ္ဈာယ်ပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သောခွက်၌ မီးဖြင့် ကျိုချက်၍ ကျိုက်ကျိုက်ဆူလျက် အငွေ့ထွက်နေသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ မသိ မမြင်ရာ သကဲ့သို့တည်း။
၃။ ဖြစ်ပေါ်လာသည့် ထိန,မိဒ္ဓ(လေးလံထိုင်းမိုင်းမူ) နှိပ်စက်ခံရသော အခါနှင့် ယင်း ထိန, မိဒ္ဓမှ လွတ်မြောက်မူ နည်းလမ်းကို လည်းဟုတ်တိုင်းမှန်စွာ မသိသော အခါတို့၌ - ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ မသိ မမြင်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ထားပါကုန်လျက်လည်း ဗေဒင်တို့ တစ်ရံတစ်ခါ ဉာဏ်၌ ပေါ်မလာကြ၊ မသရဇ္ဈာယ်ပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သော ခွက်၌ မှော်, ရေညှိတို့ဖြင့် မြှေးယှက်နေသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူ ဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ မသိ မမြင်ရာ သကဲ့သို့တည်း။
၎။ ဖြစ်ပေါ်လာသည့် ဥဒ္ဓစ္စ, ကုက္ကုစ္စ (ပျံ့လွင့်မူ, နောင်တပူပန်မူ) နှိပ်စက်ခံရသော အခါနှင့် ယင်း ဥဒ္ဓစ္စ ကုက္ကုစ္စမှ လွတ်မြောက်မူနည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အခါတို့၌ - ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ မသိ မမြင်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ထားပါကုန်လျက်လည်း ဗေဒင်တို့ တစ်ရံတစ်ခါ ဉာဏ်၌ ပေါ်မလာကုန်၊ မသရဇ္ဈာယ်ပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သော ခွက်၌ လေတိုက်ခတ်သည်ဖြစ်၍ ရွှေ့ရှား တုန်လူပ်လျက် လိုင်းထနေသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိ မျက်နှာရိပ်ကိုကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ မသိ မမြင်ရာ သကဲ့သို့တည်း။
၅။ ဖြစ်ပေါ်လာသည့် ၀ိစိကိစ္ဆာ(ယုံမှားသံသယဖြစ်မူ) နှိပ်စက်ခံရသော အခါနှင့် ယင်းဝိစိကိစ္ဆာမှ လွတ်မြောက်မူနည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အခါတို့၌ - ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ မသိ မမြင်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ထားပါကုန်လျက်လည်း ဗေဒင်တို့ တစ်ရံတစ်ခါဉာဏ်၌ ပေါ် မလာကြ၊ မသရဇ္ဈာယ်ပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သော ခွက်၌ နောက်ကျုလည်း နာက်ကျု, အနည်လည်းထ, ညွှန်လည်းဖြစ်, အမှောင်ထဲလည်း ရောက်နေသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ မသိမမြင်ရာ သကဲ့သို့တည်း။
တစ်ဖန် -
၁။ ကာမရာဂ အနှိပ်စက်မခံရသော အခါနှင့် ယင်း ကာမရာဂမှ လွတ်မြောက်မူနည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ သိသောအခါတို့၌ - ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ သိမြင်သည်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်မထားပါသော်လည်း ဗေဒင်တို့ တစ်ရံတစ်ခါ ဉာဏ်၌ ပေါ်လာကြသည်၊ သရဇ္ဈာယ်ထားပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သောခွက်၌ ချိပ်ရည်, နနွင်း, စိမ်းညိုသော ဆေးရောင်, မောင်းသော ဆေးရောင် တစ်မျိုးမျိုးဖြင့် ရော၍ မနေသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ သိမြင်ရာ သကဲ့သို့တည်း။
၂။ ဗျာပါဒ အနှိပ်စက်မခံရသော အခါနှင့် ယင်း ဗျာပါဒမှ လွတ်မြောက်မူ နည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ သိသောအခါတို့၌ - ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ သိမြင်သည်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်မထားပါသော်လည်း ဗေဒင်တို့ တစ်ရံတစ်ခါဉာဏ်၌ ပေါ်လာကြသည်၊ သရဇ္ဈာယ်ထားပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သောခွက်၌ မီးဖြင့် မကျိုချက်သဖြင့် ကျိုက်ကျိုက်မဆူ အငွေ့မထွက်သောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ သိမြင်ရာ သကဲ့သို့တည်း။
၃။ ထိန, မိဒ္ဓ အနှိပ်စက် မခံရသော အခါနှင့် ယင်း ထိန, မိဒ္ဓမှ လွတ်မြောက်မူနည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ သိသောအခါတို့၌ ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ သိမြင်သည်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်မထားပါသော်လည်း ဗေဒင်တို့ တစ်ရံတစ်ခါဉာဏ်၌ ပေါ်လာကြသည်၊ သရဇ္ဈာယ်ထားပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သောခွက်၌ မှော်, ရေညှိတို့ဖြင့် မြှေးယှက် မနေသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ သိမြင်ရာ သကဲ့သို့တည်း။
၎။ ဥဒ္ဓစ္စ, ကုက္ကုစ္စ အနှိပ်စက် မခံရသော အခါနှင့် ယင်း ဥဒ္ဓစ္စ, ကုက္ကုစ္စ္ဓမှ လွတ်မြောက်မူ နည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ သိသောအခါတို့၌ ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ သိမြင်သည်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်မထားပါသော်လည်း ဗေဒင်တို့ တစ်ရံတစ်ခါဉာဏ်၌ ပေါ်လာကြသည်၊ သရဇ္ဈာယ်ထားပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သောခွက်၌ လေ မတိုက်ခတ်သည်ဖြစ်၍ မရွေ့ရှား မတုန်လူပ်ဘဲ လိုင်းမထသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ သိမြင်ရာ သကဲ့သို့တည်း။
၅။ ၀ိစိကိစ္ဆာ အနှိပ်စက် မခံရသော အခါနှင့် ယင်း ၀ိစိကိစ္ဆာမှ လွတ်မြောက်မူ နည်းလမ်းကိုလည်း ဟုတ်တိုင်းမှန်စွာ သိသောအခါတို့၌ ကိုယ်ကျိုး, သူကျိုး တစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ဟုတ်တိုင်းမှန်စွာ သိမြင်သည်။
ထို့ကြောင့် နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်မထားပါသော်လည်း ဗေဒင်တို့ တစ်ရံတစ်ခါဉာဏ်၌ ပေါ်လာကြသည်၊ သရဇ္ဈာယ်ထားပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဥပမာ -
ရေပြည့်သောခွက်၌ ကြည်လင်သန့်ရှင်းလျက် မနောက်ကျုသည်ဖြစ်၍ အလင်းရောင်၌ ချထားသောအခါ မျက်စိအမြင်ရှိသော ယောက်ျားသည် မိမိမျက်နှာရိပ်ကို ကြည့်ရူဆင်ခြင်သော် ဟုတ်တိုင်းမှန်စွာ သိမြင်ရာ သကဲ့သို့တည်း။”
ဤသို့ မိန့်တော်မူသော အခါ အင်္ဂါရ၀ပုဏ္ဏားက -
“အရှင်ဂေါတမ ! တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေသည်” စသည်ဖြင့် လျှောက်ထားပြီး -
“အကျွန်ုပ်ကို ယနေ့မှစ၍ ရတနာ ၃-ပါးကို အသက်ထက်ဆံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာအဖြစ် မှတ်တော်မူပါ” ဟု လျှောက်ထားလေသည်။
(ဆိုလိုရင်းမှာ -
ကာမစ္ဆန္ဒ, ဗျာပါဒ, ထိန မိဒ္ဓ, ဥဒ္ဓစ္စ ကုက္ကုစ္စ, ၀ိစိကိစ္ဆာ နီဝရဏများ ဖိစီးလွှမ်းမိုးခံရခြင်းကြောင့် ဗေဒင်များဉာဏ်၌ ထင်ထင်ရှားရှား ပေါ်မလာတတ်ပါ၊ ယင်းနီဝရဏများ ဖိစီးလွှမ်းမိုးမခံရခြင်းကြောင့် ဗေဒင်များဉာဏ်၌ ထင်ထင်ရှားရှား ပေါ်လာတတ်သည်။)
ဆောင် - ကာမစ္ဆန္ဒ၊ ဗျာပါဒနှင့်၊ ထိနမိဒ္ဓါ၊ တစ်ဖြာ ဥဒ် ကုက်၊ ၀ိစိ ထုတ်ကာ၊ သုတ္တန်လာ၊ ငါးဖြာ နီဝရဏ။
ချိပ် စသည်ရောင်၊ ပူလောင်ဆူပွတ်၊ အခိုးထွက် နှင့်၊ တစ်ချက် လိုင်းထ၊ မှောင်ကျ နောက်ကျိ၊ ရေရှိ မျက်နှာ၊ မကြည်သာ၊ ပမာ နီဝရဏ။
တတိယသုတ် ပြီး၏။
No comments:
Post a Comment