ရဟန်းတို့ ! စည်းစိမ်ဥစ္စာ အပြစ် ၅-မျိုးဟူသည်မှာ -
စည်းစိမ်ဥစ္စာတို့သည် -
၁။ မီးနှင့်လည်း ဆက်ဆံကြသည်။
၂။ ရေနှင့်လည်း ဆက်ဆံကြသည်။
၃။ မင်းနှင့်လည်း ဆက်ဆံကြသည်။
၎။ ခိုးသူနှင့်လည်း ဆက်ဆံကြသည်။
၅။ မချစ်မနှစ်သက်အပ်သူ အမွေခံဆိုးတို့နှင့်လည်း ဆက်ဆံကြသည်။
စည်းစိမ်ဥစ္စာအကျိုး ၅-မျိုး ဟူသည်မှာ -
စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ -
၁။ မိမိကိုယ်ကို ချမ်းသာစေသည်၊ နှစ်သက်စေသည်၊
ချမ်းသာကို ကောင်းစွာ ဆောင်သည်။
၂။ မိဘတို့ကို ချမ်းသာစေသည်၊ နှစ်သက်စေသည်၊
ချမ်းသာကို ကောင်းစွာ ဆောင်သည်။
၃။ သား, သမီး, မယား, ကျွန်, အလုပ်သမားတို့ ကို ချမ်းသာစေသည်၊ နှစ်သက်စေသည်၊
ချမ်းသာကို ကောင်းစွာ ဆောင်သည်။
၎။ မိတ်ဆွေခင်ပွန်းတို့ ကို ချမ်းသာစေသည်၊ နှစ်သက်စေသည်၊
ချမ်းသာကို ကောင်းစွာ ဆောင်သည်။
၅။ အလှူကို သမဏဗြဟ္မဏတို့၌ လှူဒါန်းသည်။
အလှူဒါနသည် အထက်ဘုံ၌ ဖြစ်စေတတ်သည်၊ ကောင်းမြတ်သည့် အာရုံကိုလည်း ပေးတတ်သည်၊ ချမ်းသာကျိုးလည်း ရှိသည်၊ နတ်ပြည်သို့ ရောက်ကြောင်းလည်း ဖြစ်သည်။
ဆောင် - ရေ, မီး, သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုး အပြား၊ ရန်မျိုး ငါးတန်၊ ရောဆက်ဆံ၊ ဘောဂံ စည်းစိမ် အပြစ်များ။
မိမိကိုယ်ကား၊ မိဘများနှင့်၊ သားမယား ကျေးကျွန်၊ တစ်ဖန် မိတ်ဆွေ၊ ချမ်းသာစေ၏၊ တစ်ထွေ လှူဒါန်း၊ နတ်နန်း တက်နိုင်၊ ဤငါးဆိုင်၊ ပိုင်ဆိုင် စည်းစိမ်ကျိုး။
သတ္တမသုတ် ပြီး၏။
No comments:
Post a Comment