Thursday, 16 June 2011

အဟိ..အဟိ..

ကျုပ်တို့ရွာအ၀င်လမ်းမှာ ကျောက်တုံးကြီးတခု ခံနေတာ တပတ်လောက်ရှိပြီ။ ဒီကျောက်တုံးကြီးကို ဘယ်သူမှ မဖယ်။ ရှောင်ကွင်းသွားကြတယ်။ ဟိုလူ ဖယ်နိုးနိုး၊ ဒီလူ ဖယ်နိုးနိုး စောင့်နေကြပုံရတယ်။ ကျုပ်တို့ရွာက ဒီလို ...။

ကျုပ်က ဒီကျောက်တုံးကို ဘယ်လိုဖယ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတယ်။ အဖြေရရင်တောင်မှ အခုရွှေ့လို့မအား။ ဘာလုပ်နေလဲ မေးကြလိမ့်မယ်။ ဟဲဟဲ။ အရက်သောက်နေလို့ဗျို့။ ကတိမတည်တဲ့ ရည်စားကြောင့် အသည်းကွဲနေတာဗျို့။ ဓာတ်ရှင်တွေထဲက မင်းသားးတွေလိုပေါ့။

ရွာထဲက အသံတွေကို နားထောင်ကြည့်။ ဒေါ်စွာကျယ်တို့ အုပ်စုအသံ။

“ပြောကိုမပြောချင်ဘူး။ ဒီကျောက်တုံးကို မဖယ်ကြဘူး။ အဲဒါ ရွာလူကြီး မကောင်းလို့ပေါ့။ သူ့အိတ်ထဲ ထည့်ဖို့ပဲ လုပ်နေမှာပေါ့။ နှစ်တွေ ဒီလောက်ကြာနေပြီ ရွာလူကြီးလုပ်နေတာ။ ဘာတခုမှ မတိုးတက်ဘူး။ ငါတို့လည်း ဒီကျောက်တုံးကို မဖယ်နိုင်ဘူး။ ၀မ်းရေးအတွက် ဖင်ယားလို့တောင် မကုတ်အား။ လူကြီးလုပ်တဲ့သူ တာဝန်ပဲ။ ရွာလူကြီးက မကောင်း။ မကောင်း။ အင်းခက်တယ်နော်”

နောက် ကိုလူလည်တို့အဖွဲ့။

“ကျောက်တုံးဗန်းပြ လုပ်စားကြရအောင်။ ဟေး ... ဟေး”

“လမ်းသွားလမ်းလာ စေတနာရှင်များခင်ဗျား။ ဒီကျောက်တုံးကြီးကို ဖယ်နိုင်ဖို့ အလှူငွေလေးများ စွန့်ကြဲသွားကြပါ။ မြို့ပေါ်က စက်ကြီးငှားရမှာမို့ တနားကြပါခင်ဗျား။ သာဓု ... သာဓု။ ညောင်စေ့လောက်လှူ ညောင်ပင် ကြီးလောက်ရကြပါစေ”

ရွာလူကြီး ဦးပေါတာကလည်း တမျိုး။

“ဟေ့ ဒီကျောက်တုံးကို ငါ ဖယ်မယ်ဟေ့။ ဘယ်သူမှ ပူစရာမလိုဘူး။ ငါ ဖယ်နိုင်တယ်။ လူလည်တို့ လုပ်စားတာ လွန်တယ်နော်။ ငါက တရားဝင် လူကြီးကွ။ ငါ ဖယ်မယ်။ ငါ ဖယ်မယ်”

အော်တဲ့ လူတွေပဲ များပြီး ကျောက်တုံးကြီးက နေရာမရွေ့။ ဒီလိုနဲ့ ရက်ပေါင်း (၂၀) ကျော်ကြာလာရော ကျနော်လည်း အသည်းကွဲရောဂါကနေ နာလန်ထလာတယ်။ မူးမူးနဲ့ ကြားထားတာတွေ ပြန်စဉ်းစားနေမိတယ်။ မဖြစ်ဘူး။ မဖြစ်ဘူး။ ရွာအ၀င်လမ်းမှာ ကျောက်တုံးကြီးခံနေတာ ရွာသိက္ခာကျတယ်ကွာ။ ငါ သွားဖယ်မယ်။ အရက်အားလေးနဲ့ မာန်တင်းပြီး ကျောက်တုံးကြီးဆီ ကျနော်လှမ်းသွားတယ်။

“ဟေ့”

“ဗျာ”

ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဒေါ်စွာကျယ်တို့အုပ်စု။

“ဟဲ့ ငမူး ... အဲဒါ နင့်အရာလား။ ဒါ ရွာလူကြီးလုပ်ရမယ့်ကိစ္စ။ နင်နဲ့မဆိုင်ပါဘူး။ လူလည်တို့လည်း အလှူခံနေတယ်လေ။ သူတို့လုပ်မှာပေါ့။ ကိုယ့်ထမင်းကိုယ်စား။ ကိုယ့်စီးပွားကိုယ်ရှာပေါ့။ နင် ဘာရမှာမို့လို့လဲ”

“ရရ မရရ။ အားလုံးကောင်းဖို့ ကျောက်တုံးရွှေ့ချင်တာပါ”

“သွား သွား သူတော်ကောင်းကြီးရေ”

ကျောက်တုံးကြီးကို ပါလာတဲ့ ကိရိယာတန်ဆာပလာတွေနဲ့ ရွှေ့မယ်လုပ်နေတုန်း ...

“ဟိုး ရပ် ဆရာ။ ဟိုး ရပ်”

သြော် ... ကိုလူလည်တို့ပါလား။

“ဘာဖြစ်လို့လဲခင်ဗျာ”

“ဒီကိစ္စ မင်းနဲ့ လုံးလုံးမဆိုင်။ မင်းကို ရွာလူကြီး ခိုင်းတာလား။ ရွာလူကြီး သူလျှိုထင်တယ်။ မင်းဘယ်လောက် ရလာလဲ”

“မဟုတ်ပါဘူး ဆရာတို့ရယ်။ လေးစားပါတယ်။ ကျနော် ဒီကျောက်တုံးကို ရွှေ့ပေးချင်တာသက်သက်ပါ”

“မရဘူးကွ။ ရက်ပေါင်း (၂၀) လုံးလုံး ငါတို့ အာညောင်းခံ၊ အလှူခံပြီး ဒီကျောက်တုံးကို ရွှေ့ဖို့ လုပ်နေတာကွ။ အခုမှ မင်းကလာပြီး နာမည်ကောင်းယူမလို့ပေါ့လေ”

“မဟုတ် …”

“တော် တိတ် ထွက်သွားစမ်း။ ငါတို့ ကော်မတီဖွဲ့ပြီးပြီ။ သွားစမ်း”

“ကျောက်တုံးကြီး ရွေ့သွားဖို့က အဓိကလို့ ထင်တယ်။ အားလုံးဝိုင်းလုပ်ကြတာပေါ့”

“ပြောနေ ကြာတယ်။ လေကျယ်တဲ့ကောင်ကို ဆုံးမလိုက်စမ်း”

ကျနော် ကြယ်တွေ လတွေ မြင်သွားတယ်။

နိုးလာတော့ မူးနောက်နောက်နဲ့ …

ရွာလူကြီး ဦးပေါတာကို တွေ့လိုက်ရတယ်။

“ဒီရွာကို အုပ်ချုပ်နေတာ ငါကွ။ ကျောက်တုံးရွှေ့တာ မင်းအရေးလား။ ငါ့အရေးကွ။ လူလည်တို့နဲ့လည်း မဆိုင်ဘူး။ ဒီကောင်တွေကလည်း လုပ်စားတာ လွန်လွန်းတယ်။ ဒါတောင် ငါ့မကောင်းကြောင်းတွေ လျှောက်ပြောသေးတယ်။ ဒီကောင်တွေကို ရွာက နှင်ထုတ်လိုက်ပြီ။ မင်းကိုလည်း ရန်ဖြစ်မှုနဲ့ ဖမ်းတယ်ကွာ”

“ဗျာ … …”

ဒေါ်စွာကျယ်တို့က ထိတာ နည်းသေးဆိုတဲ့ မျက်နှာပေးတွေနဲ့ ကျနော့်ကို ကြည့်နေကြတယ်။

“ကျနော် …”

“တိတ် … ငါက တရားဝင်လူကြီးကွ။ ဘယ်လောက် ရင်းထားရတယ်မှတ်လဲ။

မင်းတရားဝင် ငါနဲ့ယှဉ်ပြီး လူကြီးဖြစ်မှ ဒါတွေလုပ်”

ဒီလိုနဲ့ ကျောက်တုံးကြီး အခုထိ နေရာက မရွေ့သေး ... အဟိ..အဟိ။

အစ်ကိုစောမောင် ၊ ကိုဖြိုး (သစ္စာခရီးသည်) ရေးသားပေးပို့ပါသည်။

No comments:

Post a Comment