၉၃ - နတ်သမီး နတ်အာနုဘော်ရှိကုန်သော ကြိုးကြာ ဥဒေါင်း ဟင်္သာ အသံသာသည့် ဥသြငှက်တို့သည် (နတ်သမီး မွေ့လျော်စေရန်) ထက်ဝန်းကျင်မှ ပျံသန်းလှည့်လည်ကြကုန်၏၊ ပန်းတို့ဖြင့် ပြွမ်း၍ မွေ့လျော်ဖွယ်ရှိသည့် အမျိုးမျိုးဆန်းကြယ်သော ဤဗိမာန်သည် နတ်သား နတ်သမီးတို့ဖြင့် တင့်တယ်လှပါပေ၏။
၉၄။ အာနုဘော်ကြီးသော နတ်သမီး သင်သည် အမျိုးမျိုးသော တန်ခိုးတို့ကို ဖန်ဆင်းလျက် ထိုဗိမာန်၌ နေ၏၊ ဤနတ်သမီးတို့သည်လည်း သင်၏ ထက်ဝန်းကျင်မှကလည်း ကကြကုန်၏၊ သီလည်း သီဆိုကြကုန်၏။ ၀မ်းမြောက်ရွှင်လန်းခြင်းကိုလည်း ဖြစ်စေကြကုန်၏။
၉၅။ အာနုဘော်ကြီးသော နတ်သမီး သင်သည် နတ်တန်ခိုး အာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏။ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၉၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက် ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည့် အားလျော်စွာ ဖြေကြား လျှောက်ထား၏။
၉၇။ အကျွန်ုပ်သည် လူဖြစ်ခဲ့စဉ်က လင်အပေါ်၌ ကျင့်ရာသော ၀တ်နှင့် ပြည့်စုံခဲ့ပါ၏၊ ယောက်ျားတပါး၌ ဖောက်ပြန်လိုစိတ် မရှိခဲ့ပါ၊ အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ အစဉ်စောင့်ရှောက်လေ့ရှိပါ၏။ အကျွန်ုပ်သည် အမျက်ပင် ထွက်ငြားသော်လည်း ကြမ်းကြုတ်သော စကားကို မပြောဆိုပါ။
၉၈။ မဟုတ်မမှန်သောစကား ပြောဆိုခြင်းကို ပယ်စွန့်၍ ဟုတ်မှန်သောစကား၌ တည်ခဲ့ပါ၏။ အလှူပေးခြင်း၌ မွေ့လျော်ခဲ့ပါ၏၊ သူတပါးတို့အား ချီးမြှောက်သော အလေ့ရှိပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း အဖျော်ကို၎င်း (အခြား) များစွာသော အလှူကို၎င်း ရိုသေစွာ ပေးလှူခဲ့ဘူးပါပြီ။
၉၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးကို ဖြစ်ပေါ်ရပါကုန်၏။
၁၀၀။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (ဒါန သီလ စသော) ကောင်းမူကို ပြုခဲ့ဘူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။
Friday, 8 July 2011
၁၁ - ပဌမပတိဗ္ဗတာဝိမာန၀တ္ထု
တဆယ့်တခုမြောက်သော ပဌမပတိဗ္ဗတာဝိမာန၀တ္ထု ပြီး၏။
No comments:
Post a Comment