၁၀၆၀။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်ခြောက်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။
၁၀၆၁။ (သင်နတ်သားသည်) ထိုဗိမာန်၌နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ တခုတခုသော စုလစ်မွန်းချွန် တပ်သောအဆောင်၌ ခြောက်ကျိပ်လေးယောက်ကုန်သော သင်အပ်ပြီးသော အတတ်ရှိကုန်သော ကောင်းသော သဘောရှိကုန်သော များမြတ်သော စည်းစိမ်ရှိသော တာဝတိံသာနတ်ပြည်၌ နေလေ့ရှိကုန်သော နတ်သမီး တို့သည် က-လည်း ကကြကုန်၏။ သီလည်း သီဆိုကြကုန်၏၊ သင့်ကို ၀မ်းမြောက်လည်း ၀မ်းမြောက်စေကြကုန်၏။
၁၀၆၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောကပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။
၁၀၆၃။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၁၀၆၄။ အသီးကို ပေးလှူသော သူသည် ဖြောင့်မတ်စွာ ကျင့်ကုန်သော ပုဂ္ဂိုလ်တို့၌ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ပေးလှူခြင်းကြောင့် ပြန်ပြောသော ကုသိုလ်ကျိုးကို ရ၏၊ ထိုသူသည် နတ်ပြည်သို့ ရောက်၍ တာဝတိံသာနတ်ပြည်၌ မွေ့လျော်စံပျော်ရ၏။
၁၀၆၅။ မြတ်သော ရဟန်း အကျွန်ုပ်သည် အရှင်ဘုရားကိုပင် သရက်သီးလေးလုံးတို့ကို ပေးလှူခဲ့ပါ၏။
၁၀၆၆။ ထိုကြောင့်လျှင် လူ၌ဖြစ်သော ချမ်းသာကို အလိုရှိသူသည်၎င်း၊ နတ်၌ဖြစ်သော ချမ်းသာကို တောင့်တသူသည်၎င်း၊ လူတို့တွင် လှပတင့်တယ်သည်၏ အဖြစ်ကို အလိုရှိသူသည်၎င်း အခါခပ်သိမ်း သစ်သီးကို ပေးလှူခြင်းငှါ သင့်သည်သာလျှင်တည်း။
၁၀၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။
Monday, 8 August 2011
၃ - ဖလဒါယက၀ိမာန၀တ္ထု
သုံးခုမြောက်သော ဖလဒါယက၀ိမာန၀တ္ထု ပြီး၏။
No comments:
Post a Comment