ဘုရားအလောင်းတော်သည် ရဟန်းပြုပြီးသောအခါ အနော်မာမြစ်ကမ်းအနီး အနုပ္ပိယခေါ် သရက်တော၌ ခုနှစ်ရက်မျှ နေတော်မူပြီးနောက် ရာဇဂြိုလ်မြို့ဆီသို့ ကြွချီတော်မူသည်။ ရာဇဂြိုလ်မြို့တွင်းသို့ ဆွမ်းခံလှည့်လည်သောအခါ ချောမောသပ္ပါယ်လှသော ဘုရားအလောင်းတော် ရဟန်းကို မြို့သူမြို့သားတို့ တအံ့တသြ ငေးမောကြည့်ရူကြကုန်၏။ ဗိမ္ဗိသာရမင်းလည်း သတင်းအရ ကိုယ်တိုင်လိုက်လာ မေးလျှောက်ပြီး ပဏ္ဍ၀တောင်ခြေ၌ ဆွမ်းကြမ်းများကို ဘုဉ်းပေးနေသော ဘုရားအလောင်းတော်အား အလွန်ကြည်ညိုလှသဖြင့် မိမိ၏ ထီးနန်းစည်းစိမ်ကိုပင် ပေးလှူကာ ငယ်ငယ်ရွယ်ရွယ်နှင့် တောမထွက်သင့်သေးကြောင်း တောင်းပန်လေသည်။ ဘုရား အလောင်းတော်က ငြင်းပယ်သောအခါ ဘုရားအဖြစ်သို့ရောက်လျှင် မိမိနိုင်ငံသို့ ဦးစွာ ကြွရောက်ပါရန် လျှောက်ထားလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment