အင်ကြင်းတောကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ကဆုန်လပြည့်နေ့ည လမင်းလည်း မွန်းတိမ်းကာ မိုးသောက်ယံပင် ရောက်လေပြီ၊ ဆိတ်ငြိမ်သော အင်ကြင်းဥယျာဉ်တော်အတွင်း၌ တစ်စုံတစ်ရာ မြွက်ကြားသော မြတ်စွာဘုရား၏ တရားတော်သံများ နောက်ထပ် ပေါ်မလာတော့ချေ။
အနာဂါမ်ရဟန္တာဖြစ်သော တပည့်သား သံဃာနှင့် လူ နတ် ဗြဟ္မာတို့သည် တရားဘာဝနာ ရူမှတ်၍ အမြတ်ဆုံး ပူဇော်ခြင်း၊ နောက်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်လျက်ရှိကြကုန်၏။ ပုထုဇဉ်နှင့် သောတာပန် သကဒါဂါမ်မျှသာ ရှိကြသေးတော့ ရဟန်းသံဃာနှင့် လူ နတ် ဗြဟ္မာတိုပကား အသံမကြားအောင် ကြိတ်၍ ပူဆွေး ငိုကြွေးနေကြကုန်၏။
မြောက်အရပ်သို့ ဦးခေါင်းမူလျက် လဲလျောင်းတော်မူနေသော သုံးလောကထွတ်ထား မြတ်စွာဘုရား ကိုယ်တော်ကြီးကား မျက်လုံးတော်အစုံကိုမှိတ်လျက် ဈာန်သမာပတ်တရားတို့ကို ရင်ဖျားတုံ့လှည့် ၀င်စားတော် မူလျက်ရှိသည်။
မဟာသက္ကရာဇ် ၁၄၈-ခု၊ ဥတုဂိမှန္တ ကဆုန်လပြည့်နေ့ည အင်္ဂါနေ့ မိုးသောက်ယံ၊ အရှေ့လောကဓာတ်မှ ထွက်ပေါ်လာသော ရောင်ခြည်ဦးနှင့်အတူ ပရိနိဗ္ဗာန်ပြုတော်မူရာ နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထ၀ီ ဤမြေကြီးလည်း ကမ္ဘာပျက်သည့်အလား ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်လူပ် မြည်ဟည်းလေတော့သည်။ ထက်ကောင်းကင်ယံ၌လည်း အလျှံပြိုးပြက် နဘံအက်မျှ ကြောက်မက်ဖွယ် လျှပ်စစ်မိုးကြိုးတို့လည်း ထစ်ကြိုး ရိုက်ချုန်းကာ တစ်လောကလုံး ယူကျုံးမရ အမှောင်ကြီး ကျသွားသကဲ့သို့ ခံစားကြရလေတော့သည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment