ထိုသတင်းကို ကြားသောအခါ ခမည်းတော်မင်းတရားကြီးသည် နှလုံးသည်းပွတ် ကြွေပြတ်သည့်အလား ကျောင်းတော်သို့ ဆောလျင်စွာ သွား၍ ဘုရားရှင်အား လျှောက်ထားသည်မှာ -
“ဘုန်းတော်ကြီးသော သားတော်ဘုရား - ခမည်းတော်သည် ပုဏ္ဏားတော်တို့၏ လျှောက်တင်ချက်အရ သားတော်ကို စကြ၀တေးမင်းအဖြစ် တွေ့မြင်လိုလှသော်လည်း ထီးနန်းကိုစွန့်ခွာ၍ တောထွက်သွားသောအခါ လွန်စွာ ကြေကွဲခြင်းဖြစ်ခဲ့ရပါသည်”
“ညီတော်နန္ဒမင်းသား မွေးဖွားစဉ်ကလည်း အလားတူ နိမိတ်ဖတ်ကြသော စကားအရ စိတ်အားတင်း ဖြေဆည်း၍ နှစ်ရှည်လျားစွာ အားကိုးမျှော်လင့်ခဲ့ပါသော်လည်း သားတော် ရဟန်းပြုပေးလိုက်သောအခါ တစ်ခါထပ်၍ ၀မ်းနည်း အားငယ်ခြင်း ဖြစ်ရပြန်ပါသည်”။
“ယခုအခါ စကြ၀တေးမင်းလောင်းလျာလည်းဖြစ် “သားသမီးအချစ်။ မြေးအနှစ်” ဆိုသကဲ့သို့ မြေးတော်ချစ် ရာဟုလာအား ရှင်သာမဏေပြုပေးသဖြင့် စကြ၀တေးမင်း စည်းစိမ်ကို မြင်ရဖို့ မဆိုထားဘိ၊ သာကီဝင် မင်းဆက်ပင် ပျက်သုဉ်း တိမ်ကောရတော့မည် ဘုရား”ဟု ၀မ်းနည်း ကြေကွဲစွာ လျှောက်ထားလေသည်။
ရှစ်ရက်မြောက်သောနေကတွင် “ငါးပါးသီလ ငယ်ကမသေ” ဟူသော မဟာဓမ္မပါလဇာတ်တော်ကို နာယူရသဖြင့် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး အနာဂါမ်တည်လေသည်။ သာကီဝင်မင်းသားများဖြစ်ကြသော ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ ညီတော်အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ္တနှင့် ဆတ္တာသည် (ခေါင်းရိတ်သမား) ဥပါလိ စသော သာကီဝင် မင်းညီမင်းသား တစ်ထောင်ကျော်တို့သည် တစ်သုတ်ပြီးတစ်သုတ် ရဟန်းပြုကာ သာသနာ့ဘောင်သို့ ၀င်ရောက်ကြလေသည်။
ဘုရားဖြစ်ပြီးနောက် ငါးနှစ်မြောက်သောအခါ သာကီဝင်မင်းသမီးများ ဖြစ်ကြသော မိထွေးတော် မဟာပဇာပတိဂေါတမီ၊ ယသောဓရာ ဇနပဒကလျာဏီ၊ ကိသာဂေါတမီ စသော အမျိုးသမီးများလည်း ဘိက္ခုနီ သာသနာတော်သို့ ၀င်ရောက်လာကြသဖြင့် သာသနာတော် စည်ပင် ပြန့်ပွားလာလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment