Tuesday, 4 October 2011

၆ - သေရိဏီပေတိဝတ္ထု

၄၆၄။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အ၀တ်လည်းမပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် ဤအရပ်၌ တည်နေရသော သင်သည်ကား အဘယ်သူနည်း (ဟု ဥပါသကာက မေး၏)။

၄၆၅။ အရှင် အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမူ အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏ (ဟု ပြိတ္တာမ-က ဖြေ၏)။

၄၆၆။ သင်သည် ကိုယ်ဖြင့်၎င်း စိတ်ဖြင့်၎င်း နူတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါသနည်း (ဟု ဥပါသကာ - က မေး၏)။

၄၆၇။ မည်သူကမျှ အပိတ်အပင်မရှိသော ရေချိုးဆိပ်တို့၌ (လူတို့မေ့လျော့ကျန်ရစ်ခဲ့သော) ပဲဝက်မျှ ဥစ္စာကိုလည်း (ရလိုရငြား) ရှာမှီးခဲ့ပါ၏၊ အကျွန်ုပ်သည် လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်သော်လည်း မိမိ၏ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ဒါနကို မပြုလုပ်ခဲ့ပါ။

၄၆၈။ အကျွန်ုပ်သည် ရေမွတ်သိပ်လှသည် ဖြစ်၍ မြစ်သို့ ကပ်ရောက်ပါ၏၊ ယင်းသို့ ကပ်ရောက်မိသော် စီးနေသော မြစ်သည် ရေမရှိပဲ အချည်းနှီး ဖြစ်သွားပါ၏၊ ပူသော အချိန်ကာလတို့၌ အရိပ်ရှိရာ အရပ်သို့ ချဉ်းကပ်ပါ၏၊ ယင်းသို့ ချဉ်းကပ်မိသော် အရိပ်တည်ရာ အရပ်သည် နေပူ ဖြစ်သွားပါ၏။

၄၆၉။ အကျွန်ုပ်အား လေသည် အတွေ့အားဖြင့် မီးကဲ့သို့ ပူလောင်သည် ဖြစ်၍ တိုက်ခတ်ပါ၏၊ အရှင် ဤဆိုအပ်ပြီးသော ဆင်းရဲကို၎င်း ထိုဆင်းရဲထက် ရုန်းရင်းကြမ်းတမ်းသော အခြားဆင်းရဲကို၎င်း (မကောင်းမူပြုခဲ့သော အကျွန်ုပ်သည်) ခံစားထိုက်ပါ၏။

၄၇၀။ အရှင် ဟတ္ထိနိမြို့သို့ သွား၍ အကျွန်ုပ်၏ အမိအား ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏ သမီးကိုလည်း ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ ထိုသင်၏ သမီးသည် မကောင်းမူကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏ဟု ပြောဆိုပါလော့။

၄၇၁။ အရှင် ဤပလ္လင်နေရာ၌ အကျွန်ုပ်မြှုပ်ထားသော ဥစ္စာသည် ရှိပါ၏၊ ထိုဥစ္စာကို အကျွန်ုပ်သည် (ဤနေရာ၌ မြှုပ်နှံထား၏ဟု) ပြောလည်း မပြောကြားခဲ့ပါ၊ ပလ္လင်အောက်၌ လေးသိန်းသော ဥစ္စာတို့သည် ရှိပါကုန်၏။

၄၇၂။ ထိုဥစ္စာမှ အကျွန်ုပ်အတွက် အလှူကို ပေးလှူပါစေ၊ ထိုအကျွန်ုပ်အမိအားလည်း အသက်မွေးမူဖြစ်ပါစေ၊ ထိုအကျွန်ုပ်၏ အမိသည် အလှူကို ပေးလှူပြီးသော် အကျွန်ုပ်အား အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေပါစေလော့၊ ထိုအခါဝယ် အကျွန်ုပ်သည် အလုံးစုံ အလိုရှိတိုင်း ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်းရှိသူ ဖြစ်ရပါလိမ့်မည်ဟု ပြောကြားပါလော့ (ဟူ၍ ပြိတ္တာမ-က မှာကြား၏)။

၄၇၃။ ထိုဥပါသကာသည် ကောင်းပြီဟု ၀န်ခံပြီးလျှင် ဟတ္ထိနိမြို့သို့ သွား၍ ထိုပြိတ္တာမ၏ အမိအား ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏ သမီးကိုလည်း ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ သင်၏ သမိးသည် မကောင်းမူကံကို ပြုမိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏။

၄၇၄။ ထိုသင်၏ သမီးသည် ထိုတွေ့မြင်ရာအရပ်၌ အကျွန်ုပ်ကို သတင်းစကားကို ယူစေပါ၏၊ (ဟတ္ထိနိမြို့သို့သွား၍) အကျွန်ုပ်အမိအား ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏သမီးကို ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ ထိုသင်၏ သမီးသည် မကောင်းမူကံကို ပြုမိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏။

၄၇၅။ ဤပလ္လင်နေရာ၌ အကျွန်ုပ် မြှုပ်ထားသော ဥစ္စာသည် ရှိပါ၏၊ ထိုဥစ္စာကို အကျွန်ုပ်သည် (ဤနေရာ၌ မြှုပ်နှံထား၏ဟု) ပြောလည်း မပြောကြားခဲ့ပါ၊ ပလ္လင်အောက်၌ လေးသိန်းသော ဥစ္စာတိုပသည် ရှိပါကုန်၏။

၄၇၆။ ထိုဥစ္စာမှ အကျွန်ုပ်အတွက် အလှူကို ပေးလှူပါစေ၊ ထိုအကျွန်ုပ် အမိအားလည်း အသက်မွေးမူ ဖြစ်ပါစေ၊ အကျွန်ုပ်အမိသည် အလှူကို ပေးလှူပြီးသော် အကျွန်ုပ်အား အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေပါစေ၊ ထိုအခါဝယ် ထိုသင်၏ သမီးသည် အလုံးစုံ အလိုရှိတိုင်း ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်းရှိသူ ဖြစ်ရပါလိမ့်မည်ဟု ပြောကြားပါလော့ဟူ၍ မှာကြားလိုက်ပါ၏ (ဤသို့ ပြောကြား၏)။

၄၇၇။ ထိုဥပါသကာ ပြောကြားပြီးနောက် ထိုပြိတ္တာမ၏ အမိသည် အလှူကို ပေးလှူ၏၊ ထိုပြိတ္တာမအား အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေ၏၊ ပြိတ္တာမသည်လည်း ချမ်းသာခြင်းသို့ ရောက်၏၊ ထိုအမိသည်လည်း ကောင်းစွာ အသက်မွေးရ၏။

ခြောက်ခုမြောက်သော သေရိဏီပေတိဝတ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment