Sunday, 20 November 2011

(၂) သတ္တလောက

လူ နတ် ဗြဟ္မာ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်စသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းသည် သတ္တလောက မည်၏။

ထိုသတ္တ၀ါတို့သည် အမျိုးအစားဖြင့် ရှိသည်။

(က) ပုထုဇဉ် ပုဂ္ဂိုလ် - ၄မျိုး

(ခ) အရိယာ ပုဂ္ဂိုလ် - ၈မျိုးအားဖြင့် - ၁၂မျိုး -

ပုထုဇဉ်ပုဂ္ဂိုလ် (၄) မျိုး

(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် = မကောင်းမူ ဒုစရိုက်တို့ကို ပြုလုပ်ခဲ့သောကြောင့် ထိုအကုသိုလ်ကံတို့၏ အကျိုးဖြစ်သော အဟိတ် အကုသလ ၀ိပါက် ဥပေက္ခာ သန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်-ဟူသော အပါယ်ဘုံသား သတ္တ၀ါများတည်း။

(၂) သုဂတိအဟိတ်ပုဂ္ဂိုလ် = ကုသိုလ်ပြုစဉ်အခါက ဉာဏ်လည်းမပါ၊ ရှေ့နောက် အကုသိုလ်ခြံရံ၍လည်း ပြုခဲ့သော အညံ့စား ကုသိုလ်တို့ကြောင့်ဖြစ်သော အဟိတ်ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏ စိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ဝေမာနိကနတ်ပြိတ္တာ၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ ၀မ်းတွင်းကန်း၊ အ၊ ဆွံ့၊ အရူး၊ ဥဘတောဗျည်း၊ နပုန်းပဏ္ဍုက်စသော ပုဂ္ဂိုလ်တို့နှင့် ဇီဝိတန၀က ကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ် ဗြဟ္မာတို့တည်း။

(၃) ဒွိဟိတ်ပုဂ္ဂိုလ် = အမောဟဟူသော ဉာဏ်ပညာမပါဘဲ အလောဘ၊ အဒေါသဟူသော ဟိတ်နှစ်ပါးဖြင့်သာ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ဈာန်မဂ်ဖိုလ်ရနိုင်လောက်အောင် ဉာဏ်မထက်မြက်သော လူ နတ် ပုဂ္ဂိုလ်တို့တည်း။

(၄) တိဟိတ်ပုဂ္ဂိုလ် = အလောဘ၊ အဒေါသ၊ အမောဟဟူသော (ဉာဏ်ပညာပါသော) ဟိတ်သုံးပါးဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ဈာန်မင်္ဂဖိုလ်ရနိုင်လောက်အောင် ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်တို့တည်း။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment