Wednesday, 2 November 2011

(၄) ငြိမ်သက်အောင်လေ့ကျင့်ခြင်း

နည်း(၃)အရ အားထုတ်ပြီးသောအခါ သတိ သမာဓိများ လွန်စွာကောင်းလာသည်။ သို့သော် ထွက်လေ ၀င်လေကို ရူမှတ်သူ၏ အလိုဆန္ဒအတိုင်း မဖြစ်စေနိုင်သေးပေ၊ သို့ဖြစ်၍ ရူမှတ်သူ၏ အလိုဆန္ဒအတိုင်း ဖြစ်လာနိုင်ဖို့အတွက် နည်း(၄)အရ ဆက်လက်အားထုတ်ရန်ဖြစ်သည်။ ဤနည်းကား ထွက်သက် ၀င်သက်လေကို တဖြည်းဖြည်း သိမ်မွေ့၍ ငြိမ်သက်သွားအောင် လေ့ကျင့်သည့်နည်း ဖြစ်သည်။

ထွက်သက် ၀င်သက်သည် ခန္ဓာကိုယ်ကို အမှီပြုပြီး ခန္ဓာကိုယ်နှင့် ဆက်စပ်နေ၏၊ ယင်းထွက်သက် ၀င်သက်ကို ကာယသင်္ခါရဟုခေါ်၏။ ထွက်သက် ၀င်သက် ကြမ်းလျှင် ခန္ဓာကိုယ်ကြမ်း၍ ထွက်သက် ၀င်သက်သိမ်မွေ့လျှင် ခန္ဓာကိုယ် သိမ်မွေ့၏၊ ကိုယ်စိတ်၏ ပူပန်ခြင်း၊ ပင်ပန်းခြင်းများ ကင်းစေရန် ထွက်သက် ၀င်သက်ခေါ် အာနာပါနကို ရူမှတ်ရသည်။ ထွက်သက်ဝင်သက်ကို စိတ်တိုင်းကျ နိုင်နိုင်နင်းနင်း ရူမှတ်နိုင်သောအခါ ကိုယ်စိတ်ပူပန်ခြင်းများ ပျောက်ကင်းငြိမ်းအေးလာသည်။

အာနာပါန အားမထုတ်မီကာလ၌ ကိုယ်စိတ်သည် ငြိမ်းအေးမူမရှိဘဲ ကြမ်းတမ်းပူပန်နေတတ်၏၊ ထိုအခါ ထွက်သက် ၀င်သက်လေသည်လည်း ငြိမ်သက်ခြင်း၊ သိမ်မွေ့ခြင်းမရှိဘဲ ကြမ်းတမ်းနေသည်။ တခါတရံတွင် နှာခေါင်းဖြင့် ရှူရိုက်၍ အားမရသည့်အတွက် ပါးစပ်ဖြင့် ရှူရိုက်ရသည်အထိပင် ကြမ်းတမ်း နေတတ်သည်၊ အာနာပါန ကမ္မဋ္ဌာန်းကို ရူမှတ်ပွားများဖန် များလာသောအခါ ကိုယ်စိတ်တို့ ငြိမ်သက်အေးချမ်းလာပြီး ထွက်သက် ၀င်သက်လေတို့သည်လည်း အဆင့်ဆင့် တဖြည်းဖြည်း သိမ်မွေ့လာကြသည်။ နောက်ဆုံးတွင် “ငါ့မှာ ထွက်သက် ၀င်သက်ရှိမှ ရှိသေးရဲ့လား”ဟု စူးစမ်းဆင်ခြင်ရသည်အထိ ဖြစ်သွားတတ်လေသည်။ ဤသည်မှာ ပါဠိတော်လာ အာနာပါန အားထုတ်နည်းများ ဖြစ်သည်။

ဤပါဠိတော်နည်းဖြင့် အားထုတ်၍ သမာဓိမရခဲ့သော် အဋ္ဌကထာလာ အောက်ပါနည်းများဖြင့်လည်း အားထုတ်နိုင်သည် -

(က) ရေတွက်၍ ရူမှတ်နည်း(ဂဏနာ)၊

(ခ) မရေတွက်ဘဲ ထွက်သက် ၀င်သက်လေသို့ အစဉ်လိုက်၍ ရူမှတ်နည်း (အနုဗန္ဓနာ)၊

(ဂ) ထိသိနည်း (ဖုသနာ) – တို့ ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment