Thursday, 10 November 2011

ကမ္ဗောဒီးယားနိုင်ငံ၌ ဗုဒ္ဓသာသနာစတင်ပြန့်ပွားပုံ

အင်ဒိုချိုင်းနားကျွန်းဆွယ်သည် ခရစ်နှစ်အစပိုင်းလောက် ကတည်းကပင် အိန္ဒိယကုန်သည်များ ကူးသန်းသွားလာရာဒေသ ဖြစ်ခဲ့သည်။ အိန္ဒိယကုန်သည်တို့သည် ဘာသာရေး၊ ယဉ်ကျေးမူ ဓလေ့ထုံးစံများကိုပါ ယူဆောင် လာခဲ့ကြရာ ရှေးက “ဖူနန်”ဟုခေါ်သော ကမ္ဇောဒီးယား(ကမ်ပူးချား) နိုင်ငံသည် စောစီးစွာပင် ဟိန္ဒူဘာသာ၊ ဟိန္ဒူယဉ်ကျေးမူပြန့်နှံ့ရာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့လေသည်။

ခရစ်နှစ် ၄-ရာစုတွင် ကမ္ဗောဒီးယား၌ အုပ်စိုးသော ခမာဘုရင်တို့သည် ဟိန္ဒူဘာသာဝင်များ ဖြစ်လာကြသည်။ သဗ္ဗတ္ထိဝါဒဂိုဏ်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူ အနည်းအပါးရှိခဲ့ကြကြောင်းလည်း သိရှိရသည်။ တရုတ်သမိုင်းနှင့် သက္ကတဘာသာ ကျောက်စာများ အဆိုအရ ၅-ရာစုနှစ်၌ ဟိန္ဒူဘာသာနှင့်အတူ မဟာယာန ဗုဒ္ဓဘာသာလည်း ပြန့်နှံ့ခဲ့ကြောင်း သိရှိရလေသည်။

သီဝနတ်ဘုရားကို ကိုးကွယ်သော ဟိန္ဒူဗြာဟ္မဏ ယဉ်ကျေးမူသည် ခရစ် ၆-ရာစုမှ ၁၀-ရာစုအထိ ကမ္ဗောဒီးယား၌ အင်အားကြီးမားစွာ စည်ပင်ပြန့်ပွား ထွန်းကားခဲ့သည်။ ၉-ရာစု ဟိန္ဒူဝါဒ ခမာဘုရင်များသည် ကြီးမားခန့်ညားသော ဟိန္ဒူဘုရားကျောင်းများကို တည်ဆောက်ခဲ့ကြသည်။ ကမ္ဘာကျော် အန်ကောဝပ် ကျောင်းကြီးမှာ ထိုခေတ်၌ တည်ဆောက်ခဲ့သည့် သီဝနတ်ဘုရားကျောင်းကြီး ဖြစ်လေသည်။ ၁၃-ရာစုနှစ်တွင် ခမာတို့ ဟိန္ဒူဘာသာကိုစွန့်၍ ထေရ၀ါဒဗုဒ္ဓဘာသာကို ပြောင်းလဲကိုးကွယ်သောအခါကျမှသာလျှင် ဗုဒ္ဓဆင်းတုတော်များ ကိန်းဝပ်ရာ ဗုဒ္ဓဘာသာဘုရားကျောင်းတော်ကြီး ဖြစ်လာခဲ့လေသည်။

ထိုခေတ်၌ ခမာတို့သည် ဟိန္ဒူဘာသာကို ပဓာနထား၍ ကိုးကွယ်ကြသော်လည်း မဟာယာန ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ထောက်ပံ့ခဲ့ကြသည်၊ မဟာယာန ဗုဒ္ဓဘာသာသည် ဘုရင်တို့၏ ပူဇော်ထောက်ပံ့မူကို အထိုက်အလျောက် ရရှိလေသည်။

ခရစ်နှစ် ၁၁-ရာစု၌ အချို့သော ဘုရင်များသည် ဗုဒ္ဓဘာသာကို ပို၍ ကြည်ညိုလာကြပြီး ဗုဒ္ဓဘာသာတိုးတက်ရေးကို အလေးပေးဆောင်ရွက်လာကြသည်။ သို့သော် ထိုအချိန်၌ရှိသော ဗုဒ္ဓဘာသာမှာ မဟာယာနဗုဒ္ဓဘာသာ သာလျှင်ဖြစ်၏၊ အချို့သော ဘုရင်များမှာမူ ဘာသာနှစ်ခုလုံးကို ရောနှောကိုးကွယ်နေ ခဲ့ကြသည်။ ခရစ်နှစ် ၁၂-ရာစု၌မူ မြန်မာပြည်မှ ရဟန်းတော်တစ်ပါးသည် ကမ္ဗောဒီးယားသို့ ကြွရောက်၍ ထေရ၀ါဒဗုဒ္ဓဘာသာတရားတော်ကို ဟောပြောဖြန့်ဖြူးခဲ့သည်။ ခမာဘုရင်တို့ များစွာ နှစ်ခြိုက်ကြည်ညိုကြ၍ ထေရ၀ါဒဗုဒ္ဓဘာသာကို အားပေးကူညီ ထောက်ပံ့လာကြသည်။ ထိုအချိန်မှစ၍ တဖြည်းဖြည်း ထေရ၀ါ၏ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်သူများပြားလာကာ ၁၃-ရာစုနှစ်အကုန်လောက်တွင် ဟိန္ဒူဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာတို့ ကွယ်ပျောက်သွားကြလေသည်။ ထိုအချိန် မှစ၍ ယနေ့အထိ ထေရ၀ါဒဗုဒ္ဓဘာသာသည်သာလျှင် ကမ္ဗောဒီယား၌ စည်ပင်ပြန့်ပွားထွန်းကားလျက်ရှိလေသည်။

ခရစ်နှစ် ၁၄-ရာစုမှစ၍ သီရိလင်္ကာဗုဒ္ဓဘာသာနှင့် ကမ္ဗောဒီးယားတို့ ဆက်သွယ်မိကြသောအခါ ကမ္ဗောဒီးယား၌ ထေရ၀ါဒဘာသာ ရောင်ရှိန်ထွန်းပြောင်လာသည်။ ထိုင်း ဗုဒ္ဓဘာသာ၏ သြဇာအရှိန်အ၀ါလည်း ကမ္ဗောဒီးယား၌ အမြဲတစေပြန့်နှံ့လျက်ရှိနေခဲ့လေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment