ခရစ်နှစ် ၄-ရာစု၌ ကိုးရီးယားနိုင်ငံသို့ တရုတ်ပြည်အရှေ့ ချင်မင်းဆက်မှ တစ်ဆင့် မဟာယာနဗုဒ္ဓဘာသာ စတင်ရောက်ရှိလာသည်။ ဗုဒ္ဓဘာသာမရောက်မီကမူ အများအားဖြင့် နတ်ကို ကိုးကွယ်ခဲ့ကြသည်။ ကွန်ဖြူးရှပ်နှင့် တာအိုကိုးကွယ်မူလည်း အနည်းငယ်ရှိခဲ့ကြသည်။
ကိုရီးယားကျွန်းဆွယ်၌ ဗုဒ္ဓဘာသာမရောက်မီက ကိုဂုရယို၊ ပက်ချီ၊ ဆိလ္လေဟုခေါ်သော နိုင်ငံကလေး သုံးနိုင်ငံရှိခဲ့သည်။ ထိုသုံးနိုင်ငံမနက် ကိုဂုရယိုသို့ ခရစ်နှစ် ၃၇၂-ခုနှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိခဲ့သည်။ တရုတ်ပြည်ချင်မင်းဆက်မှ ဖူချီအင်ဘုရင် စေလွှတ်လိုက်သော သာသနာပြုအဖွဲ့ ခေါင်းဆောင် မဟာယာနဘုန်းတော်ကြီး ဆွန်ဒိုက ယူဆောင်လာခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် ၁၂-နှစ် အကြာတွင် ပက်ချီသို့လည်းကောင်း၊ နှစ် ၃၀-အကြာတွင် ဆိလ္လသို့လည်းကောင်း ဗုဒ္ဓဘာသာ စတင်ရောက်ရှိခဲ့ကြသည်။
ကိုရီးယားလူမျိုးများသည် ဗုဒ္ဓဘာသာကို လွယ်လွယ်ကူကူဖြင့်ပင် လက်ခံခဲ့ကြသည်။ အထူးအားဖြင့် မင်းဆွေမင်းမျိုးများနှင့် ပညာတတ် အသိုင်းအ၀ိုင်းများက ပို၍နှစ်ခြိုက်စွာ ကိုးကွယ်ခဲ့ကြသည်။ ထိုအချိန်တွင် ကိုးရီးယားလူမျိုးများ မူလက ကိုးကွယ်ခဲ့သော ဘာသာတရားမှာ ဘာမျှ အခြေအမြစ်မရှိသောကြောင့် လည်းကောင်း အချင်းချင်း အမြဲလိုလို တိုက်ခိုက်နေရသဖြင့် ကိုးကွယ်မူလမ်းစ ပျောက်သလောက်ဖြစ်နေ သောကြောင့်လည်းကောင်း၊ ကိုးရီးယားတို့ အထင်ကြီးထားသည့် တရုတ်ပြည်ကြီးမှလာသော ဗုဒ္ဓဘာသာမှာ အခြေခိုင်မာ၍ အဆင့်မြင့်သော တရုတ်ယဉ်ကျေးမူ သဘောလက္ခဏာများ ပါဝင်နေသောကြောင့် လည်းကောင်း၊ ဗုဒ္ဓဘာသာကို ကိုးရီးယားတို့က လွယ်ကူစွာ ယုံကြည်ကိုးကွယ်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့်ပင် ကိုရီးယားနိုင်ငံသို့ ဗုဒ္ဓဘာသာရောက်ရှိလာပြီး နှစ်ပေါင်း(၁၅၀)အကြာ ဆိလ္လနိုင်ငံ၌ ဗုဒ္ဓဘာသာကို လက်ခံယုံကြည်၍ နှစ်ပေါင်း(၁၀၀) ခရစ်နှစ် (၅၂၇)ခုနှစ်တွင် ဗုဒ္ဓဘာသာကို ဆိလ္လနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် ဘုရင် ပို့ဟွန်က ကြေငြာခဲ့သည်။ အချို့သော မှူးမတ်များနှင့် နန်းတွင်းသူ နန်းတွင်းသားများက ဘုရင်သည် သူ၏ သြဇာအာဏာကျယ်ပြန့်ရေးနှင့် ဗဟိုက ထိန်းချုပ်သော အုပ်ချုပ်ရေး ပိုမိုခိုင်မာလာစေရန်အတွက် နိုင်ငံတော်ဘာသာအဖြစ် ကြေငြာခြင်းဖြစ်သည်ဟု ယူဆကာ မကျေနပ်ဖြစ်ခဲ့ကြသည်။
ခရစ်နှစ် ၆၆၀-ခုနှစ်၌ တရုတ်ပြည်နှင့် ဆိလ္လနိုင်ငံတို့ မဟာမိတ်စာချုပ် ချုပ်ဆိုကြသည်။ မကြာမီပင် ဆိလ္လဘုရင်သည် တရုတ်တို့၏ အကူအညီဖြင့် ကိုဂုရယိုနှင့် ပက်ချီနိုင်ငံတို့ကို တိုက်ခိုက်သိမ်းယူပြီး ခရစ်နှစ်(၆၆၈)ခုနှစ်၌ ကိုရီးယားသုံးနိုင်ငံ ပေါင်းစည်းရေးကို အကောင်အထည်ဖော်ခဲ့သည်။ ထိုသို့ သုံးနိုင်ငံကို တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းနိုင်ခြင်းမှာ ဗုဒ္ဓဘာသာ၏ စွမ်းအားကြောင့် ဖြစ်ကြောင်း ဆိလ္လနိုင်ငံသားတို့က ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် သုံးနိုင်ငံပေါင်းစည်းရေး အထိမ်းအမှတ်အဖြစ်ဖြင့် ခရစ်နှစ်(၇၇၆)ခုနှစ်တွင် နယ်ဂျန်တော်ပေါ်ရှိ ဂို့ဂျူကျောင်းတိုက်အတွင်း၌ ဉာဏ်တော်(၃၃)မီတာရှိသော အရိမေတ္တယျ မတ်ရပ်ဘုရားလောင်း ရုပ်ထုကြီးကို ထုလုပ် ကိုးကွယ်ခဲ့ကြလေသည်။
ခရစ်နှစ် ၆၆၈-မှ ၉၃၅-ခုနှစ်အထိ ကိုရီးယားနိုင်ငံ၌ ဆိလ္လမင်းဆက်များ အုပ်စိုးခဲ့ကြပြီး ဗုဒ္ဓသာသနာ အထွန်းကားဆုံးဖြစ်ခဲ့သည်။ သို့ဖြစ်၍ ဤအချိန်ကာလကို ကိုရီးယား ဗုဒ္ဓဘာသာရွှေခေတ်ဟု ခေါ်ဆိုကြလေသည်။
ဤခေတ်၌ ကိုရီးယားနိုင်ငံတွင် ကြီးကျယ်ခမ်းနားသော ကျောင်းကန်ဘုရားများကို ဆောက်လုပ်တည်ထား ခဲ့ကြသည်။ ကြည်ညိုဖွယ်ရာ သပ္ပာယ်တင့်တယ်သော အရိမေတ္တေယျ ဘုရားလောင်း၊ အ၀လောကိတေသွာရ ဘုရားလောင်း ရုပ်ထုကြီးများကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ကိုရီးယားဘုန်းတော်ကြီးများ သည်လည်း တရုတ်ပြည်၊ အိန္ဒိယပြည်သို့ သွားရောက်၍ ပညာသင်ယူကြပြီး အပြန်တွင် မဟာယာန ကျမ်းစာများကို ယူဆောင်ခဲ့ကြသည်။ ထို့ပြင် တရုတ်ပြည်မှ ၀ိနယဂိုဏ်း၊ နိဗ္ဗာနဂိုဏ်း၊ ဓမ္မသဘာဝဂိုဏ်း၊ အ၀တံသကဂိုဏ်း၊ ယောဂါစာရဂိုဏ်းစသော သုတ္တန်ဂိုဏ်းများကိုလည်း ကိုရီးယားနိုင်ငံသို့ ယူဆောင်လာခဲ့ကြသည်။ ထိုသုတ္တန်ဂိုဏ်းများကို ကျို(Kyo) ဂိုဏ်းများဟု ခေါ်ကြလေသည်။
ခရစ်နှစ် ၈၂၅-ခုနှစ်တွင် တရုတ်ပြည်မှ ပညာသင်၍ ပြန်လာသော ကိုရီးယားဘုန်းကြီး တိုအိက ကိုရီးယား၌ ဈင်ဂိုဏ်းကို စတင်တည်ထောင်ခဲ့သည်။ ဈင်ဂိုဏ်း၏ အယူဝါဒမှာ ဘာမျှမလုပ်ဘဲ သူ့အလိုလို ရုတ်တရက် ဉာဏ်အလင်းရခြင်း ဖြစ်လေရာ တရားကျမ်းဂန်များကို အလေးထားသော ကျိုဂိုဏ်းနှင့် ထိပ်တိုက်တိုးလေသည်။ သို့သော် ထိုဈင်ဂိုဏ်းမှာလည်း တဖြည်းဖြည်း ပြန့်ပွားလာပြီး တောင်ကိုးလုံးပေါ်၌ ရှိသော ဈင်ကျောင်းကိုးကျောင်းကို အစွဲပြု၍ တောင်ကိုးလုံး ဈင်ဂိုဏ်း ဟူသော ဝေါဟာရ ပေါ်ပေါက်လာလေသည်။
ဈင်ဂိုဏ်းကို ကိုရီိးယား ဘာသာအားဖြင့် ဆုန်(SON) ဂိုဏ်းဟု ခေါ်ဝေါ်ကြရာ ထိုအချိန်မှစ၍ ဆုန်ဂိုဏ်းနှင့် ကျိုဂိုဏ်းတို့ အကြီးအကျယ် ပဋိပက္ခဖြစ်ခဲ့ကြလေသည်။
ခရစ်နှစ် ၁၄-ရာစု နောက်ပိုင်းမှစ၍ ကိုရီးယားနိုင်ငံကို အုပ်ချုပ်သော ဘုရင်တို့သည် ဗုဒ္ဓဘာသာကို အားမပေးဘဲ နှိပ်ကွပ်ခဲ့ကြသည်။ သို့သော် ၁၆-ရာစု အလယ်ပိုင်းသို့ ရောက်သောအခါ မွန်ဂျုန်ဘုရင်မကြီးက အားပေးချီးမြှောက်သဖြင့် ဗုဒ္ဓသာသနာတော် ပြန်လည် ရှင်သန်လာပြန်လေသည်။
၁၆-ရာစု နောက်ပိုင်းမှ စ၍ ဂျပန်နိုင်ငံက ကိုရီးယားအား အကြိမ်များစွာ တိုက်ခိုက် သိမ်းပိုက်မူ ပြုခဲ့သည်။ ထိုအချိန်မှစ၍ ကိုးရီးယား၌ ဂျပန် ဗုဒ္ဓဘာသာ တဖြည်းဖြည်း လွှမ်းမိုးလာခဲ့သည်။ ထိုအခါ ကိုရီးယား ဗုဒ္ဓဘာသာဝင်များက မိမိတို့ဘာသာ၏ သဘောလက္ခဏာများကို ထိန်းသိမ်းထားနိုင်ရန်အတွက် ပို၍ စည်းရုံးမူ ပြုလာကြသည်။
သို့အားဖြင့် ယခင်က ပဋိပက္ခ ဖြစ်နေခဲ့ကြသည့် ဆုန်(ဈင်)ဂိုဏ်းနှင့် ကျို(သုတ္တန်)ဂိုဏ်းတို့သည် ၁၉၃၅-ခုနှစ်တွင် ချိုဂဲ ဟူသော အမည်ဖြင့် တစ်ဂိုဏ်းတည်း အဖြစ်သို့ ပေါင်းစည်းမိခဲ့ကြလေသည်။
ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်သို့ ကျရောက်နေစဉ် အချိန်က ဂျပန်အာဏာပိုင်တို့သည် ကိုရီးယားဘုန်းကြီးများကို ဂျပန်ဘုန်းကြီးများနည်းတူ အိမ်ထောင်ပြုစေခဲ့ကြသည်။ ဂျပန်လက်အောက်မှ လွတ်မြောက်သည့် ၁၉၄၅-ခုနှစ်၌ ကိုရီးယား ဘုန်းကြီးများကို စားရင်းကောက်သောအခါ ဘုန်းကြီး (၇၀၀၀)ခန့် ရှိသည့်အနက် (၆၀၀)ခန့်သာ အိမ်ထောင်မပြုဘဲ ကိုရီးယားဗုဒ္ဓဘာသာ အစဉ်အလာကို ထိန်းသိမ်းခဲ့ကြကြောင်း တွေ့ရှိရလေသည်။
ဂျပန် လက်အောက်မှ လွတ်မြောက်၍ ကိုရီးယားသမ္မတနိုင်ငံသစ် ထူထောင်မိသောအခါ ပထမဆုံးသမ္မတ ဆစ်ဂမန့်ရီးသည် အိမ်ထောင်ပြုသော ဘုန်းကြီးများကို သက်ဆိုင်ရာ ကျောင်းများမှ နှင်ထုတ်ပစ်စေခဲ့သည်။ အိမ်ထောင်ပြုခြင်းကို ဆန့်ကျင်သော ချိုဂဲဂိုဏ်းကလည်း မိမိတို့၏ စည်းမျဉ်းဥပဒေများကို ခေတ်နှင့်အညီ ပြုပြင်ခဲ့ကြသည်။ သို့ဖြစ်၍ ယခုအချိန်တွင် အိမ်ထောင်ပြုသော ဘုန်းကြီးများ တဖြည်းဖြည်းနည်းပါးလာပြီး ကိုရီးယားဗုဒ္ဓဘာသာ၏ သဘောလက္ခဏာများ တစ်စ တစ်စ ပေါ်လွင်လာနေပြီ ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment