သီလ၀ိသုဒ္ဓိနှင့် စပ်လျဉ်း၍ ရဟန်းတော်တို့၏ သီလ၀ိသုဒ္ဓိနှင့် လူတို့၏ သီလ၀ိသုဒ္ဓိဟု နှစ်မျိုး နှစ်စား ခွဲခြားမှတ်သားအပ်ပါသည်။ ရဟန်းတော်တို့၏ သီလ၀ိသုဒ္ဓိဆိုသည်မှာ အချုပ်အားဖြင့် ၀ိနည်းသိက္ခာပုဒ်များကို လုံခြုံအောင် စောင့်ထိန်းခြင်း(ပါတိမောက္ခသံဝရသီလ)၊ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣနြေ္ဒ (၆)ပါးကို လုံခြုံအောင်ထိန်းသိမ်းခြင်း(ဣန္ဒြိယသံဝရသီလ)၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း လေးပါးကို တရားသဖြင့် ရှာမီးခြင်း(အာဇီဝပါရိသုဒ္ဓိသီလ)နှင့် ထိုပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဉာဏ်ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်း(ပစ္စယသန္နိဿိတလသီလ)တို့ ဖြစ်သည်။ ဤ၌ ၀ိနည်းဆိုင်ရာ သိက္ခာပုဒ်များ စင်ကြယ်ရန် သဒ္ဓါ(ယုံကြည်မူ)သည် အဓိကဖြစ်သည်။ ဣနြေ္ဒ (၆)ပါး လုံခြုံရန်အတွက်မှာ သတိဖြင့် စောင့်ထိန်းရမည် ဖြစ်သည်။ အသက်မွေးမူ စင်ကြယ်ရန် အတွက် လုံ့လ၀ီရိယထုတ်၍ တရားသဖြင့် ရှာမှီးရမည်ဖြစ်သည်။ ပစ္စည်းလေးပါး သုံးဆောင်ရာတွင် ဉာဏ်ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်မှ သီလစင်ကြယ်မည် ဖြစ်သည်။ ဤသို့ သီလလေးပါး စင်ကြယ်ခြင်းကို ရဟန်းတို့၏ သီလ၀ိသုဒ္ဓိဟု ခေါ်သည်။
လူတို့အတွက် သီလ၀ိသုဒ္ဓိ(သီလစင်ကြယ်ရေး)မှာ ငါးပါးသီလကိုဖြစ်စေ၊ အာဇီဝဋ္ဌမကသီလကို ဖြစ်စေ လုံခြုံအောင် စောင့်ထိန်းရမည်ဖြစ်သည်။ အဆိုပါ သီလများကို လုံခြုံစေခြင်းဖြင့် ကာယဒုစရိုက်(ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ) ၀စီဒုစရိုက်(မုသာဝါဒ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ)တို့မှာ ရှောင်ကြဉ်ပြီး ဖြစ်လေသည်။ သုရာပါနကား ကာမဂုဏ်၌ မှားယွင်းမူ အဖြစ်တူသောကြောင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်၌ အကျုံးဝင်သည်။ ထိုသို့ အစဉ်သဖြင့် ကာယဒုစရိုက်တို့မှ ရှောင်ကြဉ်လျှင် မိစ္ဆာဇီဝ(ယုတ်မာသော အသက်မွေးမူ)မှလည်း ရှောင်ကြဉ်ပြီး ဖြစ်တော့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment