Thursday, 3 November 2011

အဘိညာဉ်စိတ် ဖြစ်ပုံ

“ပါဒကဈာန်၊ ပရိကံနှင့်၊ တဖန် ပါဒက၊ ဖြစ်ပြီးမှ ကျတုံ အဘိညာ”ဟူသော အဆိုနှင့်အညီ ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း စိတ်ကို နူးညံ့သိမ်မွေ့အောင် ဆုံးမ၍ လောကီအဘိညာဉ်တစ်ခုခုကို ဖြစ်စေလိုလျှင် -

(၁) ရူပ ပဉ္စမဈာန်ကို အဘိညာဉ်၏ အခြေခံ(ပါဒက) အဖြစ် ၀င်စားရမည်၊

(၂) ထိုပါဒကဈာန်မှထ၍ အဓိဋ္ဌာန်မည့် အာရုံတစ်ခုခုကို မှန်းပြီး သတံ ဟောမိ = နိမ္မိတရုပ် တစ်ရာ ဖြစ်စေသတည်း၊ သဟဿံ ဟောမိ = နိမ္မိတရုပ်တစ်ထောင် ဖြစ်စေသတည်း စသည်ဖြင့် ပရိကံပြုရမည်။ ဤစိတ်အစဉ်ကို အဓိဋ္ဌာန်စိတ်ဟု ခေါ်၏။

(၃) တစ်ဖန် အဘိညာဉ်၏ အခြေံခံဖြစ်သည့် ရူပ ပဉ္စမဈာန်ကို ၀င်စားရမည်။

ဤသို့ အစီအစဉ်အတိုင်း ၀င်စားပြိးနောက် ရူပ ပဉ္စမဈာန် အဘိညာဉ်ဝီထိခေါ် အဘိညာဉ်တန်ခိုး အစွမ်းပါသော ရူပါ ပဉ္စမဈာန် စိတ်အစဉ် ဖြစ်ပေါ်လေသည်။ ဤ ရူပပဉ္စမဈာန် စိတ်အစဉ်သည်ပင် အဘိညာဉ်ဟူသော အမည်တွင်သည်။ ဤအဘိညာဉ် ၀ီထိစိတ် ဖြစ်သည်နှင့် တပြိုင်နက် ဖန်ဆင်းအပ်သော ရုပ်(နိမ္မိတရုပ်) အစရှိသော အကျိုးများ ဖြစ်ပေါ်လာသည်။

ဤသည်မှာ အနည်းကို အများဖြစ်အောင် ဖန်ဆင်းခြင်းဖြစ်သည်။ ဤအတူပင် အများကို အနည်းဖြစ်အောင် ဖန်ဆင်းလိုပါက ဧကော ဟောမိ = တစ်ယောက်တည်းဖြစ်စေသတည်းဟု ပရိကံပြု၍ ဖော်ပြခဲ့သည့်အတိုင်း အဘိညာဉ်ကို ဆက်လက်ဝင်စားရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment