Thursday, 10 November 2011

အာရှအလယ်ပိုင်း၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ

အာရှအလယ်ပိုင်း၌ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိရာနိုင်ငံမှာ ခိုတန်နိုင်ငံဖြစ်သည်။ ရှေးခေတ်က ခိုတန်နိုင်ငံဆိုသည်မှာ တရုတ်ပြည်အနောက်မြောက်စွန်း ယခုခေတ် တာကစ္စတန်အနီး၌ တည်ရှိခဲ့၏။ ခိုတန်နိုင်ငံမှတဆင့် အနီးဖြစ်သော ကူချ(Kucha)၊ ဘရုက၊ အဂ္ဂနိဒေသ၊ တာဖန်(Turfan)နှင့် တရုတ်ပြည်သို့ ဗုဒ္ဓသာသနာတော် စတင်ပြန့်နှံ့ခဲ့သည်။ ထိုမှတစ်ဆင့် ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့လည်း ဗုဒ္ဓသာသနာ ပြန့်နှံ့ခဲ့လေရာ ခိုတန်သည် ကမ္ဘာအရှေ့ဖျားသို့ ဗုဒ္ဓသာသနာ ပြန့်နှံ့မူနှင့် ပတ်သက်၍ အရေးပါသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း(၂၅၀)ခန့်တွင် အိန္ဒိယနိုင်ငံမှ ၀ိဇယသမ္ဘ၀မင်းသည် အာရှအလယ်ပိုင်း ခိုတန်နိုင်ငံသို့ ဗုဒ္ဓသာသနာတော်ကို ယူဆောင်ခဲ့ကြောင်း ခိုတန်တို့၏ ရှေးဟောင်းအမှတ်သားများ ရှိခဲ့သည်။ ထိုအချိန်လောက်မှာပင် အိန္ဒိယမှ ကျမ်းဂန်တတ်ကျွမ်းသော အာစရိယဝေရောစန အမည်ရှိသော ဘုန်းတော်ကြီးသည် ခိုတန်နိုင်ငံသို့ ကြွရောက်သာသနာပြုလေရာ ဘုရင်၏ ကြည်ညိုမူကိုရရှိ၍ သာသနာတော် စည်ပင်ပြန့်ပွားခဲ့သည်။ ထို့ကြောင့် ခရစ်တော်မပေါ်မီ ၂၁၁-နှစ်ကပင် ခိုတန်၌ ပထမဆုံး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း စတင်ပေါ်ပေါက်ခဲ့လေသည်။

ထိုအချိန်မှစ၍ ခရစ်နှစ် ၈-ရာစုအထိ ခိုတန်နိုင်ငံ၌ သာသနာတော် အဆက်မပြတ် စည်ပင်ပြန့်ပွားထွန်းကား ခဲ့ကြောင်းကို တရုတ်ခရီးသည် ရဟန်းတော် ရှင်ဖါဟီယန်နှင့် ရွှင်ကျန်တို့က သူတို့မှတ်တမ်းများ၌ ဖော်ပြထားလေသည်။

ခိုတန်နိုင်ငံ၌ ဘုရား တန်ဆောင် ကျောင်းကန်စသော သာသနာ့ အဆောက်အအုံ လေးထောင်ကျော်တွေ့ရှိ ခဲ့ကြောင်း ရွှင်ကျန်၏မှတ်တမ်း၌ ဖော်ပြထားလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment