Thursday, 15 December 2011

မြ၀တီမင်းကြီး ဦးစ၏ ထူးမခြားနား ရောင်ခြည်တော်ဘွဲ့ သီချင်းကြီး

မြတ်စွယ်တော် မကြွရောက်မီက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တွင်လည်းကောင်း၊ ကြွရောက်လာချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရ လေယာဉ်ကွင်း ကြိုဆိုပူဇော်ပွဲ အခမ်းအနားကြီးတွင် လည်းကောင်း၊ မြတ်စွယ်တော် ကြွရောက်လာပြီးနောက် ကိန်းဝပ်စံပယ် အပူဇော်ခံနေသော ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင်လည်းကောင်း၊ ဂီတပညာရှင်များနှင့် အဆိုကျော်တို့ တီးမူတ်သီဆိုပူဇော်ကြသော ဓမ္မတေးဟောင်းများအအနက် မြ၀တီမင်းကြီး ဦးစ ရေးစပ်ခဲ့သော “ထူးမခြားနား” အစချီသော ရောင်ခြည်တော်ဘွဲ့ သီချင်းခန့်ကြီးကို စာရေးသူ အထူးနှစ်သက် စွဲမြဲလှသောကြောင့် စာရေးသူကဲ့သို့ နားထောင်မိသော ပုဂ္ဂိုလ်တို့သည်လည်း နှစ်သက်ကြည်ညိုကြမည်ဟု ယူဆမိပြီး ဤဆောင်းပါးကို ရေးမိပါသည်။

ထူးမခြားနားသီချင်းကို စာရေးသူ စတင်နားဆင်မိသောအရွယ်မှာ ၁၀နှစ်သားခန့်အရွယ်ဖြစ်သည်။ စစ်ကြိုခေတ်က နာမည်ကျော် ဇာတ်ဆရာကြီး ဦးဖိုးစိန်၏ စိန်မဟာသဘင် ဇာတ်ကြီးသည် မန္တလေးမြို့ ကျုံးထောင့်၌ ရုံကြီးထိုးပြီး ခုနှစ်ချီမှ ၁၀ချီအထိ ညစဉ်ကပြလေ့ရှိသည်။ မန္တလေးပရိတ်သတ်သည် နှစ်စဉ်ကြည့်ကြသည်။ ပွဲချီအစမှ အဆုံးထိ ဖျာဝယ်ကြည့်သူများလည်းရှိရာ စာရေးသူ၏ အဘွားနှင့် ကြီးတော်တို့လည်း ပါဝင်သည်။ မြေးများ၊ တူများကို မြန်မာ့ဇာတ်သဘင်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမူ အခြေခံများရစေခြင်းငှာ ပွဲသို့ခေါ်သွားတတ်ကြပါသည်။ စိန်မဟာသဘင်၏ ထူးခြားချက်မှာ အပျိုတော်အကနှင့် ပွဲမစဘဲ ဘုရားရှိခိုးခန်းနှင့် ပွဲစထွက်ပါသည်။ ရောင်ခြည်တော်လွှတ်နေသော ဗုဒ္ဓမြတ်စွာဘုရား ဆင်းထုတော်ရှေ့တွင် ဇာတ်သူဇာတ်သားတို့ မင်းခမ်းမင်းနား အ၀တ်အစားများဝတ်ပြီး ထူးမခြားနား သီချင်းကြီးကို သံပြိုင်ဆိုကာ လက်အုပ်ချီ ရှိခိုးကြသည်။ ဇာတ်စင်အောက်က ဖန်ပဒိုင်း မီးခိုင်ကြီးများနှင့် ခံ့ညားလှသော ဆိုင်းဝိုင်းကြီးက စင်ပေါ်က ညီညာကြည်သစွာ သံပြိုင်ဆိုနေသောအသံနှင့် လိုက်ဖက်စွာတီးခတ်လိုက်သော ဂီတသံသည် ၁၀နှစ်သားအရွယ် စာရေးသူ၏စိတ်ကို ဆွဲကိုင်ထားတော့သည်။ နောင်အခါ ရောင်ခြည်တော်နနှင့် ဗုဒ္ဓဆင်းတုတော်ပုံတော်ကို ဖူးတွေ့ရတိုင်း စာရေးသူနားတွင် ထူးမခြားနား သီချင်းသံကို သီချင်းအလိုက်ကို အလွတ်နီးပါး ရလာခဲ့သည်။ စာသားနှင့် အဓိပ္ပါယ်သဘောကို နားမလည် မသိသေးပါ။

တက္ကသိုလ်ကျောင်းသားဘ၀ အပို မြန်မာစာကို ဘာသာတွဲအဖြစ် သင်ယူသောအခါ မြ၀တီမင်းကြီး ဦးစရေးစပ်သော စွယ်တော်ရောင်ခြည်တော်ဘွဲ့ သီချင်းကြီးဖြစ်ကြောင်း သိလာရသည်။ သို့သော် သေချာစွာ မလေ့လာမိသေးပါ။ ၁၉၅၃-၅၄ ခုနှစ်များဆီလောက်က ရန်ကုန်-မန္တလေး မီးရထားသည် တောက်လျှောက် မခုတ်မောင်းနိုင်ပါ။ ပြည်တွင်းသောင်းကျန်းသူတို့ မိုင်းဗုံးကို စိုးရိမ်ရရုံမက တံတားများမှာလည်း ပြုပြင်ထိန်းသိမ်းမူ အားနည်သောကြောင်း မီးရထားကို ညင်သာစွာခုတ်ရသည်။ ရှေ့ပြေးမိုင်းရှင်းတွဲနောက်မှ လိုက်ရသော မီးရထားသည် ပျဉ်းမနားတွင်ညအိပ်ပြီးမှ နောက်နေ့ မန္တလေးသို့ ထွက်ရသည်။ ထိုနေ့ညမှာ လပြည့်နေ့ဖြစ်ပါသည်။ စာမေးပွဲကြီးအပြီး အညာမွေးရပ်မြေသို့ ပြန်လာကြသော ကျောင်းသားကျောင်းသူတို့သည် တွဲများတွင်ပြည့်နေသည်။ ပျဉ်းမနားမြို့ထဲသို့ သွားရောက် ရေမိုးချိုး၊ ညစာစားသောာက်လည်ပတ်ပြီး တွဲများသို့ ပြန်လာကြကာ စကားပြောကြ၊ သီချင်းဆိုကြနှင့် ညအချိန်ဖြုန်းကြသည်။ ကာလပေါ်သီချင်း၊ ပြဇာတ်နှင့် ရုပ်ရှင်သီချင်းများသီဆို၍ မောသွားကြသဖြင့် အိပ်သူအိပ်ကုန်ကြသည်။ ညဉ့်သန်းခေါင်ကျော်လောက်မှ လထိန်ထိန်သာချိန် ဒုံမင်းသံပေါ်လာပြီး ထူးမခြားနားသီချင်းကို တည်တည်ငြိမ်ငြိမ် သီဆိုလိုက်သော ကျောင်းသားတစ်သီး၏ အသံကို ကြားရပါသည်။ ထိုခေတ်က တက္ကသိုလ်ကော်လိပ်များတွင် မယ်ဒလင်၊ ဒုံမင်း တူရိယာများ ခေတ်စားသည်။ ဂစ်တာ ခေတ်မစားသေးပါ။

“ထူးမခြားနား၊ မီးရစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်လို့လို့များထွေ၊ ထူးထွေတည်အံ့ရာသား” ဟု ချီလိုက်ပြီး စည်းဝါးမှန်မှန် ဆိုဟန်ခန့်ခန့် ဆိုသွားပြီး
“ရှင်ရင်းမြတ် သကျားကိုလေ တင်ထိပ်ဦး စုံဖူးတည့် ရှိကြငုံ” ဟူ၍ သီချင်းကို အဆုံးသတ်လိုက်ရာ နားထောင်နေမိသော စာရေးသူသည် လပြည့်ဝန်းကြီးကို ကြည့်ပြီး စိတ်တွင်းက ဗုဒ္ဓမြတ်စွာကို ဦးသုံးကြိမ်ချလိုက်မိသည်။

မန္တလေးရောက်သည်နှင့် မန္တလေးကောလိပ် စာကြည့်တိုက်နှင့် မန္တလေး ပန်တျာကျောင်းသို့သွားကာ ထူးမခြားနားလေ့လာရေး လုပ်ပါတော့သည်။ ကုန်းဘောင်ခေတ် မင်းဆက်ခြောက်ဆက်မြောက် ဘိုးတော်ဘုရား (ဗဒုံးမင်း) လက်ထက်တွင် တရုတ်သံတော်အဖွဲ့များ လေးကြိမ်ရောက်လာသည်။ အေဒီ ၁၇၉၀ ပြည့်နှစ်ရောက်လာသောတရုတ်သံတော်များသည် တရုတ်ဧကရာဇ်ထံမှ လက်ဆောင်တော်များ အပြင် ဓမ္မလက်ဆောင်အဖြစ် မြတ်စွယ်တော်ပွားတစ်ဆူလည်း ယူဆောင်လာကာ ဘိုးတော်ဘုရားထံ ဆက်သကြသည်။ ထိုစွယ်တော်ပွားကို အမရပူရရွှေမြို့တော် နန်းတော်ဦး စွယ်တော်စင်၌ ကိုးကွယ်ထားသည်။ မြေးတော် စစ်ကိုင်းမင်း(ဘကြီးတော်ဘုရား) လက်ထက် နန်းဦးစွယ်တော် ကျောင်းတော်က ရောင်ခြည်တော်လွှတ်သည်ကို ရွှေနန်းတော်က ဖူးတွေ့ကြရသည်။ ဘကြီးတော်ဘုရားက ဂီတပညာရှင်ကြီး မြ၀တီမင်းကြီးဦးစကို စွယ်တော်ရောင်ခြည်တော်လွှတ်ကြောင်း မိန့်ပြီး ဓမ္မတေးဖွဲ့ရန် တိုက်တွန်းသည်။ မြ၀တီမင်းကြီးလည်း မောင်းထောင်ဆရာတော်ထံ ချဉ်းကပ်၍ ယမိုက်ပြာဋိဟာအကြောင်း၊ စွယ်တော်ဓာတ်အကြောင်း၊ ရောင်ခြည်တော်အကြောင်းတို့ကို လျှောက်ထားမေးမြန်း ဆည်းပူးပြီးနောက် မိမိ၏ ဂီတစွမ်းရည်နှင့် ကရားရေလွှတ် ရေးစပ်လိုက်ရာ “ထူးမခြားနား ဓမ္မတေးကြီး ဖန်တီးထွက်ပေါ်လာသည်။ ဘုရင့်ထံ စောင်းတူရိယာနှင့် သီဆိုဆက်သွင်းစရာ တစ်မုတ်ချင်း ပျံ့နှံ့ကျော်ကြားသွားသည်။

ထူးမခြားနား သီချင်းခန့်ကြီးသည် မြန်မာ့ဂီတနှင့် ရှေးသီချင်း လေ့လာဆည်းပူးရာ၌ မပါမဖြစ်သော ဘာသာရပ် ဖြစ်လာသည်။ ရန်ကုန်၊ မန္တလေး ပန်တျာကျောင်းများတွင် ဆိုင်း၊ နှဲ၊ ပလွေ၊ စောင်း၊ စန္ဒရား၊ ပတ္တလား စသော တူရိယာ သင်တန်း သင်ရိုးများတွင်လည်းကောင်း၊ သီချင်းကြီး အဆိုသင်တန်း သင်ရိုးများတွင်လည်းကောင်း ဤသီချင်းခန့်ကြီးကို မသင်မနေရ ဘာသာအဖြစ် ပြဋ္ဌာန်းထားကြောင်းကို သိရသည်။ ထိုအချိန်က မန္တလေး ပန်တျာကျောင်းအုပ်ကြီး ဦးစိန်ညွှန့်၊ စန္ဒရားဆရာ ဘကလေး၊ အကနည်းပြ ဆရာမကြီး ဒေါ်သြဘာသောင်းတို့က ရှင်းလင်းပြောပြကြသည်။

၁၉၇၅-၈၂ ကာလတွင် အနုပညာဦးစီးဌာန ညွှန့်ကြားရေးမူးချုပ်တာဝန် စာရေးသူ ယူရသောအခါ မြန်မာ့ဇာတ်သဘင် ဂီတလောကထဲသို့ ပါဝင်လာရသည်။ မာဂီတကျမ်းတွဲကြီး တည်ဖြတ်သော အစည်းအဝေးများသို့ တာဝန်အရ တက်ရောက်ရသောအခါ ဦးသိန်းဟန်(ဇော်ဂျီ)၊ ပါမောက္ခဟောင်း ဦးဘညွန့်(ချစ်ဒုက္ခ)၊ မြန်မာ့အသံ ဦးသန်းမြင့်(အဘ)၊ ဦးမြဦး(သံလျင်မြဦး)၊ ဂီတအကြံပေးပုဂ္ဂိုလ် ဒေါ်ဒေါ်ဦးတို့နှင့် ဆုံမိရပြီး မြန်မာရှေးသီချင်းကြီးတို့၏ စာသားများ၊ သမိုင်းနောက်ခံ၊ ဆိုဟန်၊ တီးဟန် တို့ကို ဆွေးနွေးတည်းဖြတ်ကြသည်ကို နားထောင်ရင်း ဗဟုသုတများစွာ ရလိုက်သည်။ ထူးမခြားနား သီချင်းနှင့်ပတ်သက်၍ ဆရာဇော်ဂျီက စာသားမူကွဲများကို ရှင်းပြသည်။ ဆရာဦးဘညွှန့်က ဆိုဟန် ဆိုပေါက်များကို ဆွေးနွေးရာတွင် ဤသီချင်းသည် သီချင်းခန့်ကြီးဖြစ်၍ ဘယ်သံ၊ ညာသံ၊ မည်သည့်အသံနှင့်ဆိုစေ စကားလုံးမပီ၊ ဆိုဟန်မခန့်ပါက သုတိမသာ၊ သီချင်းလည်း ပျက်သွားတတ်ကြောင်း ပြောပါသည်။ ရွာစား ဆိုင်းပညာရှင်ကြီးတို့ကလည်း ဆိုင်းပရိယာယ်များ အကြောင်းပြောပြကြသည်။ ဆရာဦးခင်ဇော်(ကေ)ကမူ မြ၀တီမင်းကြီးဦးစနှင့် သူ့ဂီတစာပေကို သုတေသနပြုလုပ်နေသော ကိန်းဘရစ်ခ်ျတက္ကသိုလ်က မြူရိရယ်၊ စီ၊ ၀ီလျံ သုတေသီကို ဂန္ဓမာတောင်နှင့် ထူးမခြားနား နှစ်ပုဒ်ကို အင်္ဂလိပ်ဘာသာပြန်ပေးပြီး တီးသွားကို အင်တာနေရှင်နယ် (ကမ္ဘာသုံး ဂီတသင်္ကေတ) နှင့် ရေးပေးဖူးကြောင်း ပြောပြ၍ မှတ်သားရပါသည်။

အားမရသေး၍ သမိုင်းသုတေသနဦးစီးဌာနမှ ကုန်းဘောင်ခေတ် အကြီးတန်း သုတေသနမှူး ဒေါက်တာရီရီ ကိုခေါ်ယူ ဆွေးနွေးရာ သူက မြ၀တီမင်းကြီးဦးစ အနှစ် ၂၀၀မြောက်မွေးနေ့ အထိမ်းအမှတ်ထုတ်စာအုပ်ကို ညွှန်းပါသည်။ မြ၀တီဟု အမည်ပေးထားသော ထိုစာအုပ်ကို ၁၉၆၆ ခုနှစ်ကထုတ်သည်။ မြန်မာစာပေ၊ သမိုင်းနှင့် ဂီတပညာရှင်ပေါင်း ၂၀က မြ၀တီမင်းကြီးဦးစနှင့် ပတ်သက်သော အကြောင်းအရာစုံကိုရေးထားသော စာတမ်းပေါင်းချုပ်စာအုပ်ဖြစ်သည်။ ရောင်ခြည်တော်ဘွဲ့ဟူသော ခေါင်းစဉ်အောက်တွင် ထူးမခြားနားအကြောင်းချည်း စာတမ်းငါးစောင် ပါရှိရာ သုခ၊ ဦးသော်ဇင်၊ မြန်မာပညာရှိ ဦးဘေ၊ ကုသနှင့် ဣန္ဒနီတို့က ရေးသားပြုစုထားသည်။ ဆရာသုခက တစ်ပုဒ်တည်းသောသီချင်းခန့်ဟူသော ခေါင်းစဉ်နှင့် ရေးထားရာတွင် မြ၀တီဝန်ကြီး၏ စေတနာ၊ ပညာ၊ သဒ္ဒါ၊ ဓမ္မတို့ကို သူ့လက်ရာများအတွင်းက အကဲခတ်လိုက်မည်ဆိုပါလျှင် ထူးမခြားနား အစချီသော သီချင်းခန့်တစ်ပုဒ်တည်းနှင့် သူမတူသော နာမတံဆိပ် ဂုဏ်ဝိသ်ဌ်ကို အတိအလင်း ဖော်ပြနေပါသည်။ ငါးဆယ်နှင်နှင် ဂီတဉာဏ်ရွှင်ကြသော ပုဂ္ဂိုလ်သူမွန် လူတံခွန်တို့၌ စွယ်တော်ကျောင်းမှ ခြောက်ရောင်မောင်းသော ဘုရားရောင်ခြည်တော်တို့ကို မြ၀တီမင်းကြီးတစ်ပါးသာ ကြုံကြုံကြိုက်ကြိုက် ဦးခိုက်၍ ဖူးလိုက်ရလေသလားဟု ထင်မှားစရာရှိသည့် တစ်ပုဒ်တည်းသော ဘုရားရှိခိုးသီချင်းခန့်ဖြစ်လေသည်။ “ထူးမခြားနား သီချင်းခန့်တစ်ပုဒ်လုံးကို အစမှအဆုံး ပါဠိတစ်ပါးဒမျှ မရောယှက်စေဘဲ မြန်မာစကားပြေသက်သက်မျှဖြင့် မယကပါဋိဟာရိက ဘုရားဉာဏ်တော်ကို သီချင်းသွားပြုကာ ဖော်ပြနိုင်စွမ်းရှိသည်မှာလည်း အံ့သြကြည်ညိုစရာကောင်းလှပါသည်။”

“စာသားသာလျှင် ခေတ်မီဆန်းသစ်သည် မဟုတ်။ ထူးမခြားနား၏ တေးသွားအဖွဲ့အနွဲ့ကလည်း မဟာဂီတ တစ်အုပ်လုံးတွင် တစ်ပုဒ်တည်းသာရှိသော မူရင်းတီးကွက် တီးလက်ဖြစ်ကြောင်း ဂီတပညာသည်ကြီးတိုင်း သုံသပ်နိုင်ကြပါသည်”

“ထူးမခြားနား၏ စာသားများကား သဒ္ဓါ ပသန္န၊ အဘိဝန္ဒာနာ၊ စေတနာဇောကို ပြသည်။ ပရိယတ္တိ ၀ိသာရဒဂန္ထန္တရ ဗဟုသုတ စသည် ဥဿုံ ပညာဂုဏ်တို့ကိုလည်းပြသည်။ ထို့ကြောင့် ထူးမခြားနားစာသားကို တီးကွက်နှင့် ကြားနာရသူတိုင်းမှာ ဗုဒ္ဓဘာသာဝင်သာမှန်စေ၊ ဗုဒ္ဓသမုဋ္ဌာန် အာဏာလွှမ်း၍ ထဲဝမ်းစိမ့်စိမ့် ကြက်သီးဖိမ့်မျှ သိမ့်သိမ့်တုန်အောင် ကြည်ညိုစိတ်ပွားရသော တစ်ပုဒ်တည်းသော သီချင်းခန့်ဖြစ်ပေသတည်း” ဟူ၍ သုံးသပ်ထောပနာ ပြုထားသည်ကို တွေ့ရပါသည်။

“ထူးမခြားနား” ကို နားသောတဆင်ရင်း ဗုဒ္ဓမြတ်စွယ်တော်ကို ကြည်ညိုသဒ္ဓါ ပွားနိုင်ကြပါစေ။

ဒေါက်တာခင်မောင်ညွှန့်
ကြေးမုံ ၂၂-၅-၁၉၉၄

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment