Tuesday, 20 December 2011

ပါဏာတိပါတကံကြောင့် တိရစ္ဆာန်ဖြစ်သော ၀တ္ထု

နတ်နှင့် တကွသော လူကို ဆုံးမတော် မူတတ်သော မြတ်စွာဘုရားသည်။

ဧ၀ံစစေသတ္တာ ဇာနေကျုံ၊ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမတကဘတ္တဇာတ်ကို ဇေတ၀န်ကျောင်းတော်၌ နေတော်မူစဉ် မတကဘတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။




ထိုကာလ လူတို့သည် များစွာကုန်သော ဆိတ်မြန်မာ၊ ဆိတ်ကုလားတို့ကို သတ်ကုန်၍ သေလေကုန်သော ဆွေမျိုး မိဘတို့ကို ရည်၍ မတကဘတ် မည်သည်ကို ပြုကုန်၏၊ ဘုန်းတော်ကြီးလှသော အရှင်ဘုရား၊ ဤသို့ မဟကဘတ်ကို လှူအံ့ဟု ပါဏာတိပါတ အသက်ကို သတ်ရာ၌ အကျိုးစီးပွား ရှိပါမည်လောဟု မြတ်စွာဘုရားကို မေးလျှောက်ကြကုန်၏။

သဗ္ဗညုမြတ်စွာဘုရားသည် ရဟန်းတို့ မာတကဘတ်ကို လှူအံ့ဟု ပြုအပ်သော ပါဏာတိပါတ အမူ၌ တစ်စုံတစ်ခုသော အစီးအပွားမည်သည် မရှိ၊ ရှေး၌လည်း ပညာရှိတို့သည် ကောင်းကင်ပြင်ဝယ် နေကုန်လျက် တရားဟောကုန်၍ ဤမတကဘတ်ကို လှူအံ့ဟု ပါဏာတိပါတကို ပြုသောအရာ၌ အဖြစ်ကို ဟောကုန်၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်းသူတို့ကို ထိုပါဏာတိပါတ အမူကို စွန့်စေကုန်ပြီ။

ယခုအခါ၌ ဘ၀ဖုံးလွှမ်းသည် ဖြစ်သောကြောင့် တစ်ဖန် မထင်ရှားသည်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဗေဒင်သုံးပုံဝယ် ကမ်းတစ်ဖက်ရောက် တတ်မြောက်သော ဆရာပုဏ္ဏားသည် မာတကဘတ်ကို လှူအံ့ဟု တစ်ခုသော ဆိတ်ကုလားကို ယူခဲ့စေ၍ တပည့်တို့ကို အမောင်တို့၊ ဤဆိတ်ကို မြစ်သို့ဆောင်၍ ရေချိုး၍၊ လည်ပင်း၌ ပန်းကုံးစွတ်၍၊ နံ့သာလက်ငါးချောင်းရာကိုပေး၍ ဆောင်ယူခဲ့ကြကုန်ဟု ဆို၏၊ ထိုတပည့်တို့သည်လည်း ကောင်းပြီဟု ၀န်ခံကြကုန်၏၊ ထိုဆိတ်ကုလားကို ယူခဲ့ကုန်လျက် မြစ်သို့သွားကုန်၍ ရေချိုးကုန်ပြီးသော် လည်၌ ပန်းကုံးကို စွပ်ကုန်၍ မြစ်နား၌ နားကုန်၏၊ ဖိုဆိတ်ကုလားသည် မိမိ ရှေးဘ၀ကို မြင်၍ နားကုန်၏၊ ထိုဆိတ်ကုလားသည် မိမိရှေးဘ၀ကို မြင်၍ ငါသည် ယနေ့ ဤသို့သဘောရှိသော ဆင်းရဲမှ လွတ်ပေတော့အံ့ဟု ၀မ်းမြောက်သည်ဖြစ်၍ မြေအိုးကို ခွဲဘိသကဲ့သို့ သည်းစွာသော ရယ်ခြင်းဖြင့် ရယ်၏၊ တစ်ဖန် ပုဏ္ဏားသည် ငါ့ကိုသတ်၍ ဆင်းရဲကို ခံရလတ္တံ့ဟု ပုဏ္ဏား၌လည်း သနားခြင်းကို ဖြစ်စေ၍ သည်းစွာသော အသံဖြင့် ငို၏။

ထိုအခါ ထိုဆိတ်ကို ထိုလုလင်တို့သည် အချင်းဆိတ် ----- သင်သည် သည်းစာသော အသံဖြင့် ရယ်လည်းရယ်၏၊ ငိုလည်းငို၏၊ အဘယ်ကြောင့်လျှင် ရယ်ဘိသနည်း၊ အဘယ်ကြောင့်လျှင် ငိုဘိသနည်းဟု မေးကုန်၏၊ ထိုအခါ သင်တို့သည် မိမိ၏ ဆရာအထံ၌ မေးကြကုန်လောဟု ဆိတ်က ဆို၏၊ ထိုလုလင်တို့သည်၊ ထိုဆိတ်ကို ယူကုန်လျက် သွားကုန်၍ ဤအကြောင်းကို ဆရာအား ကြားကုန်၏၊ ဆရာသည် ထိုလုလင်တို့၏ စကားကို ကြား၍ ဆိတ်ကို အချင်းဆိတ်၊ သင်သည် အဘယ်ကြောင့် ရယ်သနည်း၊ အဘယ်ကြောင့် ငိုသနည်းဟု မေး၏၊ ထိုဆိတ်သည် မိမိပြုသော အမူကို ဇာတိဿရဉာဏ်ဖြင့် အောင့်မေ့၏ဟု ပုဏ္ဏားအား ပြောဆို၏။

ပုဏ္ဏား၊ ငါသည် ရှေး၌ သင်ကဲ့သို့ ဗေဒင်တို့ကို ရွတ်ဖတ် သရဇ္ဈာယ်တတ်သော ပုဏ္ဏားဖြစ်၍ မတကဘတ်ကို လှူအံ့ဟု တစ်ခုသောဆိတ်ကုလားကို သတ်၍ မတကဘတ်ကို လှူဖူး၏၊ ထို ငါသည် တစ်ခုသောဆိတ်ကုလားကို သတ်ဖူးသည်၏ အဖြစ်ကြောင့် လေးရာကိုးဆယ့်ကိုး ဘ၀တို့၌ ခေါင်းပြတ်ခြင်းသို့ ရောက်ခဲ့လေပြီ။

ဤဘ၀သည်ကား အဆုံး၌တည်သော ငါးရာတို့၏ ပြည့်ကြောင်းဖြစ်သော ဘ၀တည်း၊ ထိုငါသည် ယနေ့ ဤသို့သဘောရှိသော ဆင်းရဲမှ လွတ်ရတော့အံ့ဟု ၀မ်းမြောက်၏၊ ထို့ကြောင့် ရယ်သတည်း။

အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment