Friday, 16 December 2011

ဓမ္မစက္ကပ၀တ္တနသုတ်

ဓမ္မစက္ကပ၀တ္တနသုတ်တော်သည် မြတ်စွာဘုရား ပထမဆုံးဟောတော်မူသော တရားတော်ဖြစ်သည်၊ ဤသုတ်တော်ကို ဟောကြားတော်မူပြီး သဗ္ဗညုဘုရားဖြစ်ကြောင်း လောကဓာတ်တခုလုံးသို့ ရဲဝံ့စွာ ကြေငြာခဲ့သည်၊ သံသရာမှထွက်မြောက်ရာ ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ဟောပြတော်မူခဲ့သည်။

ဓမ္မစကြာဒေသနာကို ဟောကြားတော်မူရန် သဟမ္ပတိဗြဟ္မာကြီး ကိုယ်တိုင် လူ့ပြည်ဆင်း၍ ၀ပ်စင်းခယ လျှောက်ထားတောင်းပန်ရသည်။ မြတ်ဗုဒ္ဓ၏ အထူးခြားဆုံး ဦးဦးဖျားဖျား မြတ်တရားလည်း ဖြစ်သည်။ ပွင့်ပြီး ပွင့်လတ္တံ့သော ဘုရားအဆူဆူတို့သည်လည်း ဤအတိုင်းပင် ဟောတော်မူကြသည်။ ဗုဒ္ဓသာသနာကို ဤဓမ္မစကြာဖြင့် စတင်ဖွင့်လှစ်ခြင်းကြောင့် “သာသနာဖွင့် တရားတော်ကြီး”ဟုလည်း ဂုဏ်ထူးတင်နိုင်သည်။

ပဉ္စ၀ဂ္ဂီ ( ၅)ဦးနှင့် နတ် ဗြဟ္မာ (၁၈) ကုဋေတို့ကို ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆကင်းကွာ၍ သောတာပန်အဖြစ်သို့ ရောက်စေနိုင်သဖြင့် “အရိယာလမ်း မဂ်စခန်းဖွင့်သည့် တရားတော်ကြီး”ဟုလည်း ခေါ်ဝေါ်နိုင်၏။ ဘုမ္မစိုးနတ်တို့က အစ အကနိဋ္ဌ ဗြဟ္မဘုံတိုင်အောင် ကောင်းချီးပေးကြသည့် တရားတော်ကြီးလည်း ဖြစ်၏။ ဓမ္မစကြာတရားပွဲအပြီးတွင် (၃၂)ပါးသော နိမိတ်ကြီးတို့သည် ထင်ပေါ်လာသည်၊ တစ်သောင်းသော လောကဓာတ်တိုင်အောင်ပင် နတ်ဗြဟ္မာတို့၏ အရောင်ထက် အထောင်မကထွန်းပြောင်သည့် အရောင်အလင်းကြီး ပေါ်ထွန်းခဲ့သဖြင့် “နိမိတ်ထူးပြ မြတ်ဓမ္မ”ဟုလည်း ဂုဏ်ပြုခေါ်ဆိုနိုင်ပါသည်။

ဓမစကြာတရား မဟောကြားမီက လောကတွင် သံဃာရတနာမပေါ်သေးပေ၊ တရားပွဲအပြီးတွင် အရှင်ကောဏ္ဍညသည် သောတာပန် အရိယာ ဖြစ်လာပြီး ပဌမဆုံး ဧဟိဘိက္ခုအရိယာသာဝကကြီး ဖြစ်လာသည်။ ထို့ကြောင့် ဤသုတ်တော်ကြီးကို “သံဃာရတနာအစ ဓမ္မစကြာက”ဟူ၍လည်း ဆိုနိုင်၏။ ထို့နောက် ပဉ္စ၀ဂ္ဂီတို့ ဧဟိဘိက္ခုရဟန်းများဖြစ်ပေါ်လာကြသဖြင့် ဤလောက၀ယ် ရတနာသုံးပါးပြည့်စုံအောင် ဖြည့်စွမ်းပေးသော သုတ်တော်မြတ်လည်း ဖြစ်ပေသည်။

မြတ်စွာဘုရားသည် အလောင်းတော် သိဒ္ဓတ္ထမင်းသားဘ၀၌ လောကီစည်းစိမ်၊ ကာမဂုဏ်သုခမျိုးစုံတို့ကို ပြည့်စုံစွာ ခံစားခဲ့သည်။ နောင်သောအခါ ကာမဂုဏ်တို့၌ အပြစ်မြင်ငြီးငွေ့လျက် တောထွက်တော်မူခဲ့သည်။ သံသရာမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှာဖွေရင်း ခန္ဓာကိုယ်ကို ညဉ်းဆဲကာ ပြင်းပြင်းထန်ထန် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်ပြန်သည်။ ထိုအကျင့်မှာလည်း အေးငြိမ်းခြင်းကို ရရှိနိုင်သော အကျင့်မဟုတ်၊ ဒုက္ခဖြစ်ရုံသာ ရှိသည်ဟု သိရသောအခါ အစွန်းတရား ထိုနှစ်ပါးတို့ကို စွန့်ပယ်ခွာလျက် မဇ္ဈိမပဋိပဒါ သာယာအေးမြကြောင်း လမ်းကောင်းလမ်းမှန်ကို ကျင့်ကြံတော်မူသည်။

ထို့ကြောင့် ပဉ္စ၀ဂ္ဂီတို့အား တရားဟော်တော်မူသောအခါ မိမိကြုံတွေ့ခဲ့ရသည့် အစွန်းတရား ထိုနှစ်ပါးသောအမှားမျိုး မလိုက်မှားမိကြရန်နှင့် မိမိကိုယ်တွေ့ ရှိပြီးဖြစ်သော နိဗ္ဗာန်ရကြောင်း လမ်းကောင်းလမ်းမှန်ကို လိုက်နာကြရန်အတွက် ဓမ္မစကြာတရားဦးရတနာကို ဟောပြတော်မူခဲ့ လေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment