Wednesday, 14 December 2011

ဗုဒ္ဓမြတ်စွယ်တော်ကို ပူဇော်ကြသော တိုင်ရင်းသားမင်းများ

အနော်ရထာမင်းလွန်ပြီးနောက် မြန်မာ၊ ရှမ်း၊ မွန်၊ ရခိုင် တိုင်းရင်းသားမင်းတို့သည်လည်း ဗုဒ္ဓမြတ်စွယ်တော်ကို ပူဇော်ခဲ့ကြသည်။ အချို့နေပြည်တော်သို့ ပင့်ဆောင်ရန်ကြိုးပမ်းကြသည်။ အချို့ကား သံအဖွဲ့များစေလွှတ်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစေရာ၊ စွယ်တော်ပွားများနှင့် အခြားဗုဒ္ဓပူဇနိယပစ္စည်းများ ရရှိသောကြောင့် စေတီပုထိုးများ၌ ဌာပနာ၍ ကိုးကွယ်ကြသည်။ ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ပူဇော်ရေးကို အကြောင်းပြု၍ သံတမန်အဖွဲ့များကို အပြန်အလှန်စေခဲ့ကြရာ နိုင်ငံအချင်းချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့သည်။ တရုတ်ပြည်ကြီးနှင့် ဆက်သွယ်ရာ၌ ကုန်းကြောင်းမှ နယ်စပ်ဒေသများကို ဖြတ်ကျော်ကာ ရှည်လျားသော ခရီးကိုနှင်လျက် တရုတ်ဧကရာဇ် နေပြည်တော် ပဲ့ကျင်း(ပီကင်း) အရောက် မြန်မာသံတော်တို့ သွားရောက်ခဲ့သဖြင့် ထိုလမ်းကြီးကိုပင် “သံတမန်လမ်း” ဟု မြန်မာ့သမိုင်း၌ တွင်ရစ်သည်။ သီဟိုဠ်(သီရိလင်္ကာ)နှင့် ဆက်သွယ်ရာတွင် မြန်မာ့ဆိပ်ကမ်းမြို့ကြီးများဖြစ်သော ပုသိမ်(ကောသမ)၊ ဒလ၊ သန်လျင်၊ မုတ္တမ၊ ရခိုင်မြို့ဟောင်းတို့မှ သင်္ဘောကြီးငယ်များနှင့် ပင်လယ်ခရီး ဖြစ်ကျော်သွားရောက် ခဲ့ကြသည်။

အနော်ရထာမင်းနောက် တရုတ်ပြည်ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ရေးအတွက် ဆောင်ရွက်သော ပုဂံမင်းဆက်မှ မင်းများမှာ အလောင်းစည်သူမင်း(အေဒီ ၁၁၁၂-၆၇)နှင့် နရသီဟပတေ့မင်း (အေဒီ ၁၂၅၄-၈၇)တို့ဖြစ်သည်။ နှစ်နိုင်ငံသံအဖွဲ့ ဖလှယ်ရေး အစဉ်အလာအရ အေဒီ ၁၁၁၅ နှစ်တွင် အလောင်းစည်သူမင်းက တရုတ်ဧကရာဇ်ထံ မြန်မာသံအဖွဲ့ကို ကုန်းကြောင်းမှ စေသည်။ ရွှေငွေနှင့် လုပ်ထားသော လက်ဆောင်တော်များ၊ ဆတ်ချိုများ၊ ဆင်စွယ်များ၊ ယွန်းထည်များ၊ မြတ်စွယ်တော်ကို လှူရန်ပစ္စည်းများနှင့် သံစာများကို ယူဆောင်သွားသည်။ သည့်နောက်ကိုယ်တော်တိုင် မြတ်စွယ်တော်ပင့်ဆောင်ရန် အလုံးအရင်းနှင့် ချီထွက်ခဲ့ကြောင်းကို မှန်နန်းရာဇ၀င်တော်ကြီး ပထမတွဲ၌ အောက်ပါအတိုင်းဖော်ပြထားသည်။

“မင်းနှစ်ပါးလည်း ကြည်ကြည်သာသာ ပြောဟောတော်မူကြ၏။ ဥတိဘွားလည်း ဤသို့မန့်တော်မူ၏။ အဆွေတော် အဘယ်အလို့ငှာ ငါ့တိုင်းနိုင်ငံသို့ လာရောက်တော်မူသနည်းဟု မေးတော်မူ၏။ အလောင်းစည်သူမင်းကြီးလည်း လောကီ၏ စည်းစိမ်ကို အလိုရှိ၍ လာရောက်သည်မဟုတ်၊ လောကုတ္တရာ ချမ်းသာသို့ ရောက်မည်အကြောင်းဖြစ်သော စွယ်တော်မြတ်ကို တောင်းမည်လာသည် ဟူ၍ အကြောင်းကိုပြန်တော်မူ၏။ ဥတိဘွားလည်း စွယ်တော်မြတ်သီတင်းသုံးတော်မူလိုသော် ပင့်တော်မူတော့ ဟူ၍ မိန့်တော်မူ၏။ အလောင်းစည်သူမင်းကြီးလည်း အထူးထူးသော ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့ဖြင့် ပူဇော်၍ စွယ်တော်မြတ်ထားရာ ပြာသာဒ်မှာ တောင်းပန်လေ၏။ စွယ်တော်မြတ်လည်း လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး၊ လက္ခဏာတော်ငယ်ရှစ်ဆယ်၊ ရောင်ခြည်တော်ခြောက်ပါးတို့ဖြင့် တန်ဆာဆင်၍ ပရိက္ခရာရှစ်ပါးလွယ်လျက် ကောင်းကင်သို့တက်၍ စင်္ကြံကြွတော်မူလေ၏။ မင်းနှစ်ပါးလည်းများစွာသော ပူဇော်သက္ကာရတို့ဖြင့် ပူဇော်၍ တောင်းပန်တော်မူသော်လည်း စွယ်တော်မြတ်သည် ကောင်းကင်မှ မဆင်းနေလေ၏။ ဥတိဘွားက ဤသို့မိန့်၏။ ဘုရားရှင်စွယ်တော်မြတ်သည် သာသနာတော် ငါးထောင်တိုင်တိုင် ဂန္ဓာလရာဇ်တိုင်း၌ တည်ရစ်လတ္တံ့ဟူ၍ ဘုရားရှင်ဗျာဒိတ်တော်ရှိသည် အဆွေတော်ပင့်သော်လည်း သီတင်းသုံးတော်မမူချေဟူ၍ မိန့်တော်မူပြီးမှ များစွာသော လက်ဆောင်လက်နက်တို့ကို ပေးတော်မူ၏။ “မှန်နန်း (ပ၊ စာ ၃၁၁ -၁၂)

နရသီဟပတေ့မင်းလက်ထက်တွင် တရုတ်သံတော်တို့ ရောက်လာ၍ အပြန်တွင် မြန်မာ့သံတော်တို့ကို တွဲဖက်ထည့်လိုက်သည်။ ပဲ့ကျင်မြို့တော်ရှိ ဗုဒ္ဓမြတ်စွယ်တော်ကို လှူဒါန်းရန်ပစ္စည်းများနှင့် တရုတ်ဧကရာဇ်သို့ ဆက်သရန် လက်ဆောင်တော်များကို ယူဆောင်သွားသည်။ အေဒီ ၁၂၇၃ခုနှစ်တွင် တရုတ်ဧကရာဇ်စေလွှတ်သော သံတော်အဖွဲ့ကို တရုတ်သာသနာရေးဝန်ကြီးကိုယ်တိုင် ခေါင်းဆောင်ကာ ပေါက္ကံရာမသို့ ရောက်လာသည်။ သံအဖွဲ့တွင် သံငယ်သုံးဦးပါဝင်ပြီး၊ ကူဗလိုင်ခန် ဧကရာဇ်ကြီးထံမှ သံစာသယ်ဆောင်လာရာ မြန်မာသံတော်တို့ ပဲ့ကျင်နန်းတော်သို့ ရောက်ရှိ၍ ဧကရာဇ်ကြီးက လက်ခံကြောင်း သံစာတွင် ဖော်ပြထားသည်။

ရှမ်း - မြန်မာမင်းတို့အုပ်ချုပ်သော အင်းဝခေတ်တွင် သီဟိုဠ်ရှိ ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ရေးကို ဆောင်ရွက်သော မင်းနှစ်ပါးကို တွေ့ရသည်။

အင်းဝမင်းဆက်မှ ၁၂ဆက်မြောက်မင်းဖြစ်သော နရပတိ (အေဒီ ၁၄၄၃-၉၆)နှင့် သူ၏သားတော် သီဟသူရ(အေဒီ ၁၄၆၉-၈၁) တို့ဖြစ်သည်။ နရပတိကား မင်းရဲကျော်စွာ၏ ညီတော်ဖြစ်ပြီး သီဟသူရမှာ ဘုရင် ဒုတိယမင်းခေါင်၏ ခမည်းတော်ဖြစ်သည်။ အေဒီ ၁၄၅၆ခုနှစ်၌ ဘုရင်နရပတိသည် သီဟိုဠ်သို့ သံစေသည်။ သီဟိုဠ် ကန္ဒီမြို့တွင် ကိန်းဝပ်စံပယ်နေသော ဗုဒ္ဓမြတ်စွယ်တော်သို့ လှူဒါန်းရန် ရွှေငွေကျောက်သံပတ္တမြားများကို သံအဖွဲ့နှင့် ပါးလိုက်သည်။ မြတ်စွယ်တော်ကို အဖူးအမြော် လာကြသော ရဟန်းတော်တို့အား ပစ္စည်းလေးပါးထောက်ပံ့နိုင်ရန် လယ်ယာဥယျာဉ် မြေများ ၀ယ်ယူစေ၍ လှူသည်။ သီဟသူရမင်းသည် အေဒီ ၁၄၇၄နှစ်တွင် သီဟိုဠ်သို့သံစေသည်။ မိမိဦးခေါင်းနှင့် မိဖုရားခေါင်ကြီး၏ ဦးခေါင်းမှ ဆံပင်တို့ကိုဖြတ်၍ ရတနာများစီခြယ်ထားသော ရွှေလက်ကိုင်တပ် တံမြက်တော်ကိုပြုလုပ်၍ ကန္ဒီမြို့၊ ဗုဒ္ဓမြတ်စွယ်တော်ကျောင်းဆောင်တွင် တံမြက်လှည်းရန်အတွက် လှူဒါန်းသံအဖွဲ့နှင့်ပါးသည်။ ထို့အပြင် သီဟိုဠ်မင်းအတွက် တရုတ်ပိုးထည်၊ ပိုဆိုးအုပ်များနှင့် အခြားလက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်လိုက်သည်။

မွန်မင်းဆက်များထံမှ သီဟိုဠ်ရှိ ဗုဒ္ဓမြတ်စွယ်တော်အတွက် လှူဖွယ်ပစ္စည်းများလှူရန် သံတမန်များစေလွှတ်ပြီး သီဟိုဠ်မင်းနှင့် ဆက်သွယ်ကြရာ သီဟိုဠ်မင်းထံမှ ဗုဒ္ဓမြတ်စွယ်တော်ပွားများနှင့် ဓမ္မလက်ဆောင်တော်များရရှိသောကြောင့် စေတီများတွင် ဌာပနာ၍ ကိုးကွယ်ခဲ့ကြသည်ကို မြန်မာရာဇ၀င်များနှင့် ဘုရားသမိုင်းများတွင် ဖော်ပြထားသည်။ မြန်မာ့သက္ကရာဇ် ၇၅၂ ခု၊ အေဒီ ၁၃၉၀ နှစ်တွင် သီဟိုဠ်ဘုရင် ပဏ္ဍုရာမမင်းက သမီးတော် သုမုတ္တဒေ၀ီနှင့် ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူကို ဟံသာဝတီဘုရင် ရာဇဓိရာဇ် (အေဒီ ၁၃၈၅-၁၄၂၃) သို့ဆက်သသည်။ သမီးတော်ကို မိဖုရားမြှောက်ပြီး စွယ်တော်ပွားကို ရွှေမော်ဓောသမိုင်းတွင် တွေ့ရသည်။ မြန်မာသက္ကရာဇ် ၈၃၉ ခု (အေဒီ ၁၄၇၇) တော်သလင်းလပြည့်ကျော် ၁ရက်နေ့၌ ဓမ္မစေတီမင်းသည် ယင်းစွယ်တော်ပွားကို ပဲခူးကလျာဏီသိမ် အနီးရှိ ကလျာဏီစေတီ၌ ဌာပနာသည်ဟု ကထိက သီးသက်တင်က မွန်ကျောက်စာကို ကိုးကား၍ သူပြုစုသော စေတီ ၅၀ ဆူ သမိုင်းတွင် ဖော်ပြထားသည်။ မြန်မာသက္ကရာဇ် ၈၄၅ ခု(အေဒီ ၁၄၈၃) နှစ်တွင် သီဟိုဠ်ဘုရင် သံဃာရာဇာမင်းက ဓမ္မစေတီမင်းအား တိဂုမဗ္ဗ၀ိနိစ္ဆယ (ပါဠိ) ကျမ်းကို ကောင်းစွာ စီရင်နိုင်ခြင်းကြောင့် ဓမ္မစေတီမင်း၏ သံတော်ကြီး ဗရမ်းအမတ်အား ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်တစ်ဆူနှင့် မြတ်စွယ်တော်ပွား နှစ်ဆူကို ပူဇနနိယ လက်ဆောင်တော်ပေးလိုက်ကြောင်း၊ ရွှေမော်ဓောဘုရားအရှေ့ဘက်ရှိ ခမွန်ဘောကုန်း၌ စေတီတည်၍ ဌာပနာကိုးကွယ်ရာ မော်ဓောငယ်ဟုတွင်ကြောင်းကို ပဲခူးမြို့ မဟာစေတီတော်မြတ်ကြီး သမိုင်းအကျဉ်းတွင် ဖော်ပြထားသည်။

မွန်ဘုရင်မကြီး ရှင်စောပု၏ သမက်တော် ဓမ္မစေတီမင်းသည် လောက၊ ဓမ္မ၊ ရာဇ အရေးသုံးပါးတွင် လိမ္မာပြီး လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို သယ်ပိုးသော သာသနာပြုမင်းဖြစ်သည်နှင့် အညီ သီဟိုဠ် ကျွန်းသို့ သာသနာပြု ရဟန်းများနှင့် သံအဖွဲ့များ စေလွှတ်ခဲ့ကြောင်းကို ဂျီ၊ အီး၊ ဟာဗေးက သူပြုစုသော မြန်မာနိုင်ငံသမိုင်းစာအုပ်တွင် အောက်ပါအတိုင်ဖော်ပြထားသည်။

“ဓမ္မစေတီမင်း၏ မဟာစွမ်းဆောင်မူ” ကားဗုဒ္ဓသာသနာတော် ပြန်လည်ထွန်းကားရေးဖြစ်သည်။ အေဒီ ၁၄၇၅ခုနှစ်တွင် ရဟန်းတော် ၂၂ ပါး ပါဝင်သော သာသနာပြုအဖွဲ့ကို သီဟိုဠ်သို့ စေလွှတ်သည်။ ပင်လယ်ခရီးမုန်တိုင်းမိသင်္ဘောပျက်၍ အချို့အသက်ဆုံးကြသည်။ အချို့မဒရပ်ကမ်းခြေတွင် သောင်တင်ရာ၊ နိဂေပထမ်သို့ ရောက်သွားကြသည်။ အသက်ရှင်ကျန်ရစ်သော ရဟန်းတော်တို့သည် သီဟိုဠ်သို့အရောက်သွားကာ သာသနာရေးတာဝန်ကို ဆောင်ရွက်တော်မူကြသည်။

“ဗုဒ္ဓမြတ်စွယ်တော်၊ ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာနှင့် ဗောဓိညောင်ပင်များတွင် ဓမ္မစေတီမင်း လှူလိုက်သော နီလာများ စီခြယ်ထားသော ကျောက်သပိတ်၊ ရွှေနှင့် စလင်းတို့နှင့် ပြုလုပ်ထားသော ဓာတ်တော်ကြုတ်များကို ဆက်ကပ်ကြသည်။ သီဟိုဠ် ရဟန်းတော်တို့ကို သင်္ကန်းပရိက္ခရာများ၊ ဇင်းမယ်လုပ် ယွန်းကွမ်းအစစ်များကို လှူသည်။ သီဟိုဠ်မင်းသို့ ဓမ္မစေတီမင်းက ပေးလိုက်သော လက်ဆောင်တော်များဖြစ်သော ပတ္တမြား၊ နီလာ၊ တရုတ်ပိုးထည်၊ သင်ဖြူးချောများနှင့်တကွ ရွှေပြားတွင် ရေးထားသော ရာဇမဟာမိတ် သံစာကိုပေးအပ်သည်။ ရဟန်းတော်တို့၏ အဓိက ရည်ရွယ်ချက်မှာ ရှေးဟောင်း မဟာဝိဟာရ ကျောင်းကြီးရှိ သီဟိုဠ်ရဟန်းတော်တို့ထံမှ ဥပသမ္ပဒ ကံကြီးဆောင်သော နည်းစနစ်မှန်ကို နာခံရယူရန်ဖြစ်သည်။ မဟာဝိဟာရ ကျောင်းတော်ကြီးကား ဘီစီ ၂၅၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော ကျောင်းတော်ကြီးဖြစ်ပြီး ယနေ့အထိ တည်ရှိနေသေးသည်။” (ဟာဗေး၊ စာ ၁၁၉၊ ၁၂၀)

မြန်မာသက္ကရာဇ် ၇၅၂ ခုနှစ်၌ ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မင်းကြီးသို့ သီဟိုဠ်မင်းက သမီးတော်နှင့်အတူ စွယ်တော်ပွားတစ်ဆူကို ဆက်သခဲ့ရာ ပဲခူးရွှေမောဓော စေတီတော်မြတ်ကြီး၌ ဥမင်တူး၍ ဌာပနာတော်မူသည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment