ရဟန်းတို့ ---- ရသေ့ရဟန်းဟူသမျှသည် ကာမဂုဏ်စည်းစိမ်ကို ခံစားသောအကျင့် (ကာမသုခလ္လိကာနုယောဂ)နှင့် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲအောင် ပြုကျင့်ရသောအကျင့် (အတ္တကိလမထာနုယောဂ) ဟူသော အစွန်းရောက် တရားနှစ်ပါးကို ရှောင်ကြဉ်ရမည်၊ မပြုလုပ် မမှီဝဲရပေ၊ ထိုအစွန်းရောက် တရားနှစ်ပါးတို့တွင် -
ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိတွယ်တာသောအားဖြင့် အဖန်ဖန် အထပ်ထပ် လိုက်စားအားထုတ်ခြင်းဟု ဆိုအပ်သော ကာမဂုဏ်စည်းစိမ်ခံစားသောအကျင့် (ကာမသုခလ္လိကာနုယောဂ)သည် ယုတ်ညံ့အောက်တန်းကျလှ၏၊ မြို့ရွာနေသူ လူဝတ်ကြောင်တို့၏ အကျင့် အလေ့အထ ဖြစ်၏၊ ပုထုဇဉ်လူသားတို့၏ အကျင့်စရိုက်သာ ဖြစ်၏၊ မြင့်မြတ်ဖြူစင်သော အရိယာတို့၏ အကျင့်မဟုတ်၊ ထိုအကျင့်သည် သတ္တ၀ါများ အကျိုးစီးပွားများအောင် မဆောင်ရွက်နိုင်သည့်အပြင် အကျိုးမဲ့ကိုသာ ပေးဆောင်တတ်၏။
ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေမှသာ ကိလေသာခန်းခြောက်နေမည်ဟူသော ရည်ရွယ်ချက်ဖြင့် အစာမစားဘဲ ကျင့်ကြံမူ၊ နေပူအောက်တွင် မီးဖိုကြီး လေးဖိုအလယ် ၀င်ထိုင်၍ ပဉ္စာတပဟူသော အပူငါးမျိုးတိုက်၍ ကျင့်ကြံမူ၊ အိပ်ရာနေရာအောက်တွင် သံဆူးများထား၍ အနာခံအိပ်ကာ ကိလေသာ မဖြစ်ပ်ါလာအောင် ကျင့်ကြံမူ၊ ရေထဲစိမ်ကာ ကိလေသာတွေကို ရေမျှော ကျင့်ကြံမူစသော ခန္ဓာကိုယ် အပင်ပန်း အဆင်းရဲခံ၍ ကျင့်ကြံမူ (အတ္တကိလမထာနုယောဂ) သည်လည်း ဆင်းရဲဒုက္ခကြီးမား များပြားလှ၏၊ အရိယာသူတော်စင်တို့၏ အကျင့်မဟုတ်ပေ၊ မများသည့်အပြင် အကျိုးမဲ့ကိုသာ ဖြစ်ပေါ်စေတတ်၏။
ရဟန်းတို့ ---- ထိုအစွန်းရောက် တရားကျင့်စဉ် လမ်းမှား နှစ်ပါးတို့ကို ရှောင်ရှား၍ ငါဘုရားသည် ကာမချမ်းသာခံစားသောလမ်းနှင့် ခန္ဓာကိုယ် ဒုက္ခခံ၍ ကျင့်ရသောလမ်း နှစ်သွယ်၏ အလယ်ဖြစ်သော မဇ္ဈိမပဋိပဒါခေါ် ကျင့်စဉ် လမ်းမှန်တရားမြတ်ကို ထိုးထွင်းသိမြင်တော်မူခဲ့ပြီး၊ ထိုအလယ်လမ်း မဇ္ဈိမပဋိပဒါ အကျင့်မြတ်သည်ကား အမြင်မှန်အောင် ပြုလုပ်နိုင်၏၊ ဉာဏ်အလင်းရအောင် ပြုနိုင်၏၊ လောဘ ဒေါသ မောဟ မာန်မာနစသော ကိလသာအပူများကို အေးငြိမ်းစေနိုင်၏၊ သစ္စာလေးပါးကို ထိုးထွင်းသိမြင် မျက်မှောက်ပြုနိုင်၏။ သစ္စာလေးပါးကို ပိုင်ခြား ဆုံးဖြတ် သိမြင်နိုင်၏၊ သံသရာမှ လွတ်မြောက်ရာ အမှန် သန္တိသုခ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ရရှိခံစားနိုင်၏။
ရဟန်းတို့ ---- ငါဘုရားကိုယ်တော်တိုင် သိတော်မူအပ်ပြီးသော မဇ္ဈိမပဋိပဒါ ထိုအကျင့်မြတ်မှာ အရိယာမဂ်တရား ဤရှစ်ပါးတို့ပင်တည်း။ ထိုအရိယမဂ်တရား ရှစ်ပါးတို့ ဟူသည်မှာ အဘယ်တို့နည်း -
(၁) အယူအမြင် မှန်ကန်ခြင်း (သမ္မာဒိဋ္ဌိ)
(၂) အပြစ်မရှိသော အကြံကောင်းများကို ကြံစီခြင်း (သမ္မာသင်္ကပ္ပ)
(၃) မမှန်သောစကားကို ရှောင်၍ မှန်သောစကားကိုသာ ပြောဆိုခြင်း (သမ္မာဝါစာ)
(၄) မမှန်ကန်အပြစ်ရှိသော အလုပ်ကို ရှောင်၍ မှန်ကန်၍ အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်ခြင်း (သမ္မာကမ္မန္တ)
(၅) တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဖြင့်သာ ကောင်းမွန်မှန်ကန်စွာ အသက်မွေးခြင်း (သမ္မာအာဇီဝ)
(၆) မှန်ကန်စွာကြိုးစားအားထုတ်ခြင်း (သမာဝါယာမ)
(၇) မှန်ကန်သော အောက်မေ့မူသတိ အမြဲရှိနေခြင်း (သမ္မာသတိ)
(၈) မှန်ကန်စွာတည်ကြည်သော သမာဓိရှိနေခြင်း (သမ္မာသမာဓိ)
ဤတရားရှစ်ပါးတို့ပင်တည်း။
ရဟန်းတို့ ---- ငါဘုရားသည် အထူးသဖြင့် သိမြင်တော်မူအပ် ရရှိတော်မူအပ်ပြီးသော ဤမဇ္ဈိမပဋိပဒါအကျင့်မြတ်သည်ကား သစ္စာလေးပါးကို ထိုးထွင်းသိမြင်ရန် နိဗ္ဗာန်ကို ရရှိနိုင်ရန် အမှန်ဖြစ်ပေ၏။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment