Monday, 13 February 2012

သာဝတ္ထိ ဒကာကြီးအမေးနှင့် ဘုရားရှင်အဖြေ

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဖြစ်ရပ်ကလေးတစ်ခုကို တင်ပြချင်ပါတယ်။ တစ်ချိန်မှာ မြတ်စွာဘုရားဟာ အိန္ဒိယပြည် မြောက်ပိုင်းမှာရှိတဲ့ ကောသလတိုင်းရဲ့ နေပြည်တော်ဖြစ်တဲ့ သာဝတ္ထိမြို့မှာ သီတင်းသုံးနေတော်မူပါတယ်။

ထိုအချိန် ဘုရားရဲ့ကျောင်းတော်မှာ ရဟန်းတွေ၊ ရဟန်းမတွေ၊ လူယောက်ျား၊ မိန်းမတွေ အများအပြားပဲ လာရောက်ကြပြီး တရားနာကြ၊ တရားကျင့်ကြပါတယ်။ အခု ယောဂီတို့ တရားကျင့်နေသလိုပါပဲ၊ တစ်ခါတစ်လမှာလဲ ညပိုင်းမှာ မြို့ထဲက လူတချို့က တရားနာလာကြပါတယ်။ ဒီအထဲမှာ လူတစ်ဦးက အမြဲမှန်မှန် လာလေ့ရှိပါတယ်။ တစ်နေ့မှာ သူက ခါတိုင်းထက် စောစောရောက်လာပြီး မြတ်စွာဘုရား တစ်ပါးတည်းရှိနေတာ တွေ့ရလို့ဝမ်းသာအားရနဲ့ ဘုရားနားချဉ်းကပ်လာပြီး လက်အုပ်ချီ ကန်တော့ပြီး လျှောက်ထားပါတယ်။

“မြတ်စွာဘုရား တပည့်တော်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ မေးခွန်းတစ်ခုရှိပါတယ်ဘုရား။ လူတွေများတဲ့အခါမှာ မေးခွင့်မရခဲ့ပါဘူး။ အခုအရှင်ဘုရားတစ်ပါးတည်း ရှိနေတုန်းမှာ တပည့်တော်ရဲ့ စိတ်ထဲမှာ မရှင်းမလင်း ဖြစ်နေတာတွေကို ရှင်းလင်းသွားအောင် မေးခွင့်ပြုပါဘုရား။”

ဒီတော့ မြတ်စွာဘုရားက “တရားနဲ့ ပတ်သက်ပြီး စိတ်ထဲမှာမရှင်းလင်းတာကို မရှိစေရဘူး၊ ရှင်းလင်းလိုက်ပါ၊ ဒကာပြဿနာက ဘာပါလဲ”လို့ မိန့်တော်မူပါတယ်။ “အရှင်ဘုရား တပည့်တော်ရဲ့ ပြဿနာကတော့ တပည့်တော်ဟာ အရှင်ဘုရားရဲ့ ဓမ္မရိပ်သာကို လာနေတာ နှစ်အနည်းငယ်ကြာနေပါပြီ။ ဒီလိုလာကြတဲ့ လူတွေကို တပည့်တော်လေ့လာကြည့်ပါတယ်။

“တချို့ကတော့ အသေအချာပဲ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အထွတ်အထိပ်ကို ရောက်အောင် လွတ်မြောက်ကုန်ကြပါပြီ။ သူတို့ရဲ့ အမူအရာတွေ လုပ်ပုံကိုင်ပုံတွေ နေပုံထိုင်ပုံတွေက ထင်ရှားပါတယ်။ တချို့ကလည်း တရားအတော်ရင့်ကျက်ပြီး အရင်ထက်ပိုပြီး ကောင်းမွန် ထူးခြားလာကြပါတယ်။ ဒါပေမဲ့ လုံးဝလွတ်မြောက်သေးတာ မဟုတ်ပါဘူး။ တပည့်တော် အပါအ၀င်ဖြစ်တဲ့ တချို့ကျပြန်တော့လဲ သူတို့နဂိုအတိုင်းပါပဲ။ ဘာမှထူးခြားခြင်းလည်း မရှိကြပါဘူး။

“တပည့်တော် မေးချင်တာကတော့ အရှင်ဘုရားကဲ့သို့သော တန်ခိုးတော်အနန္တ၊ ကရုဏာတော်အနန္တနဲ့ ပြည့်စုံတော်မူတဲ့ ဘုရားရှင်ထံ လာကြတဲ့လူတွေထဲမှာ တချို့မှာ အဆုံးစွန်သော တရားကိုလည်း မရကြပါဘူး။ တချို့လဲ တစ်ပိုင်းတစ်ဝက်လောက်သာပဲ ရကြပါတယ်။ အဲဒါဟာ ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ” ဘုရား။ အရှင်ဘုရား၏ တန်ခိုးတော်နဲ့ လာကြတဲ့ လူအားလုံးကို ဘာကြောင့် လွတ်မြောက်ခြင်းကို မပေးပါသလဲ ဘုရား”လို့ သူက လျှောက်ထားပါတယ်။

ဘုရားရှင်ကတော့ နေ့တိုင်း ဟောပြောနေတာပါပဲ။ တရားပြသနေတာပါပဲ။ ဒါကို နားမလည်ကြတော့လည်း ဘယ့်နှယ်လုပ်ပါ့မလဲ။ ဒါနဲ့ မြတ်စွာဘုရားက ရှင်းလင်းပြပြန်ပါတယ်။ တရားကိုပြတဲ့အခါမှာ မြတ်စွာဘုရားဟာ ယောဂီရဲ့ ဉာဏ်အရည်အချင်းနဲ့ စရိုက် အပေါ်မှာတည်ပြီး ရှင်းလင်း ပြသလေ့ရှိပါတယ်။ တစ်ခါတလေတော့လဲ အတုန့်အပြန် မေးခွန်းတွေ ပြန်မေးတတ်ပါတယ်။

ဒီတစ်ခါလဲ မေးသူကိုပြန်ပြီး မေးလိုက်ပါတယ်။ “ဒကာကြီး ဘယ်ဇာတိလဲ၊ ဘယ် အရပ်ကလဲ” တပည့်တော် ဒီကပါ၊ သာဝတ္ထိမြို့ထဲကပါဘုရား။ “ဒီတော့ မြတ်စွာဘုရားက “မဟုတ်သေးပါဘူး၊ ဒကာကြီး မျက်နှာကြည့်ရတာ ဒီအရပ်သား မဟုတ်ပါဘူး။ တစ်ရပ် တစ်ရွာက ဒီမှာလာပြီး အခြေစိုက်တာနဲ့ တူပါတယ်” “မှန်ပါတယ်ဘုရား၊ နှစ် အနည်းငယ်တုန်းကလဲ တပည့်တော် ဒီကို ပြောင်းရွှေ့လာပါတယ်။ တပည့်တော်ဇာတိက မာဂဓတိုင်းရဲ့ မြို့တော် ရာဇဂြိုလ်ကပါဘုရား။”

“သြော် - ဒကာကြီး၊ ဒီမှာလာထိုင်တော့ ရာဇဂြိုဟ်နဲ့ လုံးလုံး အဆက်ပြတ်သွားသလား။ ရာဇဂြိုဟ်ကို တစ်ခါတစ်ခေါက် မသွားတော့ဘူးလား။” “တပည့်တော်ရဲ့ ဆွေမျိုးတွေ ဟိုမှာရှိပါတယ် ဘုရား၊ နှစ်တိုင်း နှစ်တိုင်း မကြာခဏ ရာဇဂြိုဟ်ကို ပြန်တတ်ပါတယ်ဘုရား။” “ဒါဖြင့်ရင် ဒကာကြီး ဒီလိုရာဇဂြိုဟ်ကို မကြာခဏပြန်တော့ ဒီကနေ ရာဇဂြိုဟ်ကို သွားတဲ့လမ်းကို ကောင်းကောင်းသိနေရောပေါ့” “ကောင်းကောင်းကြီး သိပါတယ် အရှင်ဘုရား”

“ဒကာကြီး ဒီမှာအနေကြာတော့ ဒီမှာလဲ မိတ်ဆွေသင်္ဂဟတွေ အများကြီး ရှိရောပေါ့။ ရင်းနှီးတဲ့သူတွေက ရာဇဂြိုဟ်ကိုသွားတဲ့လမ်းကို ဒကာကြီးကို လာမေးကြမှာပေါ့။ အဲဒီလို မေးတဲ့အခါမှာ ဒကာကြီးက ခရီးလမ်းစဉ်ကို အကုန်ပြောပြရဲ့လား၊ ထိမ်ဝှက်ဖုံးကွယ်များ ထားသေးသလား” “အရှင်ဘုရား ကောင်းကောင်းမွန်မွန် တိတိကျကျပြောပြပါတယ်ဘုရား၊ တစ်လမ်းလုံးရဲ့ ခရီးစဉ်ကို လုံးစေ့ပတ်စေ့ ပြောပြပါတယ်ဘုရား”

“ဒါဖြင့်ရင် ဒကာကြီးလမ်းညွှန်လိုက်တဲ့သူတွေဟာ ရာဇဂြိုလ်ကို ရောက်ကြရောလား။” ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲဘုရား၊ တပည့်တော် လမ်းညွှန်လိုက်တဲ့ လမ်းစဉ်အတိုင်းလျှောက်ပါမှ သွားပါမှ ရာဇဂြိုလ်ကို ရောက်မှာပါဘုရား။ လမ်းကိုသိရုံမျှနဲ့တော့ ရာဇဂြိုလ်ကို မရောက်နိုင်ပါဘူးဘုရား။ “အေး - ဒကာကြီးကို ပြောချင်တာလဲ ဒါပါပဲ။ လူတွေအများကြီးဟာ ငါဘုရားထံလာပြီး ဒီသူဟာဖြင့် အထွတ်အထိပ်ကို ရောက်ပြီးသားပုဂ္ဂိုလ်ပဲ။ လမ်းစဉ်ကို ကိုယ်တိုင်လက်တွေ့ လျှောက်ခဲ့ပြီး နောက်ဆုံးပန်းတိုင်ကို ရောက်ရှိပြီးတဲ့သူပဲဆိုပြီး ဒီလမ်းစဉ်ကို မေးမြန်းကြပါတယ်။

ငါဘုရားကလည်း မေတ္တာအပြည့်၊ ကရုဏာအပြည့်နဲ့ ဒီဟာဖြင့် လမ်းစဉ်ပဲ၊ ဒီလိုလျှောက်ရတယ်၊ ဒီလမ်းပေါ်မှာ ဒီစခန်းတွေကို ရောက်လိမ့်မယ်စသည်ဖြင့် ရှင်းလင်းပြီး ပြောပြပါတယ်။ ဒါတွေကို နားထောင်ရုံသာ နားထောင်ပြီး ဦးသုံးကြိမ်ချပြီး သာဓု သာဓု သာဓု၊ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွလို့ ပြောရုံသာရှိတယ်။ လမ်းပေါ်မှာတော့ ခြေလှမ်းတစ်လှမ်းတောင်မှ မလှမ်းဘူး၊ မလျှောက်ဘူး။ ဒီလိုပုဂ္ဂိုလ် ဘယ်လိုလုပ်ပြီးတော့ ဒီလမ်းဆုံးပန်းတိုင်ကို ရောက်နိုင်ပါ့မလဲ။ လမ်းစဉ်ကို စလျှောက်တဲ့ ပုဂ္ဂိုလ်ဟာ ခြေလှမ်း တစ်လှမ်းပဲ လျှောက်မိရင်လဲ လမ်းဆုံးပန်းတိုင်နဲ့ တစ်လှမ်းပိုပြီး နီးသွားတာပါပဲ။ “ခြေလှမ်းတစ်ရာ လျှောက်မိရင်လဲ လမ်းဆုံးပန်းတိုင်နဲ့ ခြေလှမ်းတစ်ရာပိုပြီး နီးသွားတာပါပဲ။ လမ်းစဉ် အကုန်လျှောက်ပြီးရင်လဲ အဲဒီပုဂ္ဂိုလ်ဟာ လမ်းဆုံးပန်းတိုင်ကို မလွဲ မသွေရောက်သွားတာပါပဲ။ တစ်လှမ်းချင်း တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းဆုံးအောင် လျှောက်ကြရမှာပါပဲ။ ဘယ်သူကမှ ပခုံးပေါ်ထမ်းပြီး လမ်းဆုံးပန်းတိုင်အထိ ခေါ်မသွားနိုင်ပါဘူး။ ကိုယ့်လမ်းကို ကိုယ်လျှောက်ကြရမှာပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment