Sunday, 5 February 2012

ကဲ ယခုတော့ သင့်အလှည့်၊ သင်ရော ဒီလူ့ဘဝမှာ ဘယ်လိုနေမှာလည်း

ယခုတင်မယ့်အကြောင်းအရာလေးကတော့ လက်ရှိဘဝမှာ သင်တို့၊ ကျွန်ုပ်တို့ဟာ ဘယ်လိုများနေထိုင်သွားခဲ့သလဲ၊ ဘယ်လိုနေထိုင်နေတာလည်း၊ ရှေ့လျှောက် ဘယ်လိုနေထိုင်သွားမှာလည်း ဆိုတာလေးကို ပြန်လည်သုံးသပ်စေချင်တဲ့ ရည်ရွယ်ချက်လေးပါ။




မနုဿတ္တဘာဝ ဒုလ္လဘဆိုပေမဲ့ သင်ကိုယ်တိုင် တန်ဖိုးရှိစွာ နေထိုင်ခြင်းမရှိရင်တော့ ဒီလိုရခဲလှတဲ့ လူ့ဘဝဆိုတာ သင်တို့၊ ကျွန်ုပ်တို့အတွက်တော့ အချည်းနှီးဖြစ်သွားလိမ့်မယ်နော်။ ဘုရားအဆုံးအမအတိုင်း ကောင်းမွန်စွာလိုက်နာကျင့်သုံးပါမှ၊ ဒါန၊ သီလ၊ ဘာဝနာတို့ကို တက်စွမ်းသလောက် ဖြည့်ကျင့်ပါမှ ဒီလိုရခဲတဲ့လူ့ဘဝလေး တန်ဖိုးရှိမှာပေါ့နော်။

အများစုကတော့ ယခုလိုနေထိုင်သွားခဲ့ကြပါတယ်၊ ယေဘုယပေါ့နော် အတိအကျတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သိပ်လည်းမထူးပါဘူး။ ၁-မွေးပြီးအချိန်မှစ၍ အသက် ၅ ထိ စားကာအိပ်ကာနဲ့ နေသွားခဲ့ပါတယ်။ ၂- ၅ နှစ်မှ ၁၄ နှစ်အထိတွင်မူ ကျောင်းတက်၍ ပျော်ကာပါးကာနဲ့ စားလိုက်အိပ်လိုက်နဲ့ အချိန်ကုန်စေခဲ့တယ်။ ၃- ၁၄ နှစ်မှသည် ၂၄ နှစ်တွင်းမူ ရည်းစားရှာခြင်း ဆိုတဲ့အလုပ်ပါထပ်တိုးလာပြန်တယ်၊ ရှိသူများကလည်း ပျော်ပျော်ပါးပါးနဲ့ပေါ့ ထမင်းမေ့ဟင်းမေ့နဲ့ အချိန်တွေကုန်လာခဲ့တယ်၊ ကွဲကွာသူများကလည်း လွမ်းနာကျဆဲနှင့်ပဲ အချည်းနှီးဖြစ်ပြန်တယ်။ ၄- ၂၄နှစ်မှ ၄၀တွင်းမူ သားကျွေးမှု၊ မယားကျွေးမှု၊ စီးပွားရေး၊ ကြီးပွားရေး၊ စားဝတ်နေရေး တို့နှင့်သာကုန်လွန်စေလျက် မိမိလုပ်နေသောအရာများသည် သမ္မာအာဇီဝလော၊ မိစ္ဆာဇီဝလော ဝေခွဲခြင်းမရှိပဲ ရလိုမှုတို့ကိုသာရှေ့တမ်းတင်လျက် အတ္တစိတ်ဖြင့်သာ ကုန်လွန်စေပြန်သည်။ ၅- ၄၀ မှသည် ၆၀ တွင်းမူကား ထိုထိုသော စားဝတ်နေရေးအတွက် ရှာဖွေရသည်သာမက မြေးထိန်းမှုအလုပ်ပါ ပိုလာပြန်ပါတယ်၊ သူတို့အဆိုအရ သားအချစ်၊ မြေးအနှစ်ပေါ့နော်၊ သမုဒယတဏှာတွေ။ ၆- ၆၀ မှ ၈၅ တွင်းမူ စိတ်သွားတိုင်းလည်း ကိုယ်မပါတော့၊ မီးစာကုန်လု ဆီခမ်းလုအချိန်၊ မိသားစုအပေါ် မိမိအာဏာသက်ရောက်မှုလည်း နည်းသွားရချေကား မိမိအလိုသို့မပြီးတော့ချေ၊ ကြီးသူများကို ငယ်သူများက ကွင်းကြသောကြောင့်လည်း တစ်ကိုယ်တည်း အဖော်မဲ့လျက် ထိုသို့သော မကျေနပ်ချက်များ၊ လိုအင်မပြည့်ဝတဲ့အကြောင်းများအပေါ် ဒေါသများဖြစ်လျက် တရားဆိုတာဝေးစွတကား။ ပြီးသော်သေ၏။ ဘယ်အချိန်များ တရားအားထုတ်သွားခဲ့သလဲနော်၊ ဘယ်အချိန်မှာများ တရားနဲ့အညီ နေထိုင်သွားခဲ့သလဲနော်။ ဒါဆိုဒီလိုပုဂ္ဂိုလ် သေပြီးတော့ရော ဘယ်အရပ်၊ ဘယ်ဌာန၊ ဘယ်ဘုံဘဝတွေကိုများ ရောက်သွားမလဲ???....၊ မတွေးဝံ့စရာပါတကား၊ ရခဲလှသောလူ့ဘဝလေး အချည်းနှီးဖြစ်သွားရပါတကား.....။

ဒါယေဘုံယနော်၊ အသက်အပြည့်နေထိုင်သွားတဲ့သူတွေကိုဆိုလိုတာ၊ အများစုပေါ့။ သေခြင်းဆိုတာ အချိန်မရွေးဖြစ်နိုင်လို့ ကိုယ်ဘယ်အချိန်မှာ၊ ဘယ်လိုနေရာမှာ ဘာအကြောင်းနဲ့သေမယ် ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ မမွေးရသေးဘူး ဖျက်အချခံရတာတွေ၊ မွေးပြီးချင်းသေတာတွေ၊ ကြားကာလမှသေတာတွေစသည်ဖြင့် မကြားချင်မှအဆုံးပဲ။ သေခြင်းတရားဆိုတာ လက်တကမ်းလေးမှာပါ။ မဖြစ်မနေထည့်ပြောထားတာ ၈၅ ဆိုတာတော့.......။ဒါတောင်မှ အရက်သောက်တာတွေ မကောင်းတာလုပ်တာတွေ၊ မှားယွင်းတဲ့အယူဝါဒတွေခံယူတာ မပါသေးဘူးနော်။ ကဲဒါဆို သင်ရော ယခု ဘယ်အသက်အရွယ်ရောက်နေပြီလည်း၊ ဘာလုပ်ခဲ့သလဲ၊ ဘာလုပ်နေလဲ၊ ဘာတွေဆက်လုပ်မှာလည်း ဆန်းစစ်ဖို့တော့လိုလာပြီထင်တယ်နော်။ ပြီးခဲ့တာတွေကိုတော့ မေ့လိုက်တော့၊ သံဝေဂယူနိုင်ဖို့ကိုပဲ ဆိုလိုတာပါ၊ ပြင်လို့မရတော့ဘူးနော်။ ပြင်မယ်ဆိုရင်တော့ ပစ္စုပ္ပန်နဲ့ အနာဂတ်နဲ့ ကိုပဲရမယ်။ ကျွန်တော်ကတော့ ၂၂ ရှိနေပြီ၊ မရှက်မကြောက်ဝန်ခံရရင်ဖြင့် ခုချိန်ထိတော့ ဖော်ပြပါအချက်တွေထဲမှာပဲ ရှိသေးတယ် ဟိ၊ ခုနေများသေသွားမယ်ဆိုရင်ဖြင့် အပယ်လေးဘုံဆိုတာအသေအချာပဲ။ ကျွန်တော်တော့ သုံးသပ်လို့ပြီးပြီနော်။ သင်တို့အလှည့်ပေါ့၊ ပြောပြဖို့တော့ မလိုပါဘူး ပြန်လည်ဝေဖန်ကြဖို့ပါပဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်နော်။

ကဲ ယခုတော့ သင့်အလှည့်၊ သင်ရော ဒီလူ့ဘဝမှာ ဘယ်လိုနေမှာလည်း......

မူရင်းလင်ခ့်နေရာ ဇော်ထက်မောင် ထံမှ ပြန်လည်၍ ကူးယူ မျှဝေထားခြင်းဖြစ်သည်။

No comments:

Post a Comment