Friday, 10 February 2012

အကြံဉာဏ်နှင့် သတိပေးချက်များ

ဒါအတွက်ကို အကြံဉာဏ်နဲ့သတိ အနည်းငယ်ပေးချင်ပါတယ်။ တစ်ခုကတော့ တရားထိုင်တဲ့အချိန်မှာ အမြဲပဲ အဆောက်အအုံ အတွင်းမှာပဲထိုင်ပါ။ အပြင်ဘက်မှာ တရားမထိုင်ပါနဲ့။ နောက်ပိုင်း တရားရင့်ကျက်လာတဲ့ အခါကျတော့ ဘယ်နေရာမှာ မဆို ကြိုက်တဲ့ နေရာ၊ အပြင်နေရာမှာပဲဖြစ်ဖြစ်၊ အတွင်းနေရာမှာပဲဖြစ်ဖြစ် တရားထိုင်နိုင်ပါတယ်။


မြတ်စွာဘုရားဟာ သစ်ပင်အောက်မှာပဲ ဘုရားအဖြစ်ကို ရောက်တော်မူပါတယ်။ ဒါပေမဲ့ ယောဂီတို့ အစဦးမှာတော့ အခုအဆင့်မှာ အဆောက်အအုံအတွင်းမှာပဲ တရားကျင့်ကြပါ။ အပြင်မှာ တရားထိုင်နေတုန်းမှာ လေတိုက်ရင် နှာသီးဝကို လေထိပြီး ၀င်သက်ထွက်သက်ထိတာကို မသိဘဲ ဖြစ်တတ်ပါတယ်။ လေရဲ့ထိမူက ပိုပြီးထင်ပေါ်နေတတ်ပါတယ်။ မျက်စိပိတ်ပြီး ထိုင်နေရင်တောင် မျက်စိမှာ အလင်းရောင် တိုက်ရိုက်ဝင်နေရင် စိတ်ရဲ့ အတွင်းပိုင်းကို အာရုံရောက်ဖို့ရာ မလွယ်ပါဘူး။ ဒါကြောင့် တိုက်ရိုက်အလင်းရောင်၊ တိုက်ရိုက်လေတိုက်မူ ရှောင်ပါ။ နားနေချိန်မှာတော့ အပြင်ဘက်မှာ ထိုင်နိုင်ပါတယ်။ လဲလျောင်းချင်ရင်လဲ လဲလျောင်းနိုင်ပါတယ်။ တရားထိုင်ချိန်မှာတော့ အမြဲတမ်းပဲ အဆောက်အအုံထဲမှာသာ ထိုင်ပါ။

နောက်တစ်ခုကတော့ ယောဂီတို့ တရားစခန်းရဲ့ သတ်မှတ်ထားတဲ့ နေရာအတွင်းမှာပဲ နေကြပါ။ ဒီဟာ အင်မတန်ပဲ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကမ္မဋ္ဌာန်းနည်းဟာ ယောဂီတို့ရဲ့ စိတ်ဓာတ်ကို ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။ ယောဂီတို့ ခန္ဓာကိုယ်ထဲမှာ ခွဲစိတ်ကုသခြင်း၊ တစ်ခုခုလုပ်ရရင် ဆေးရုံအတွင်းမှာပဲ နေရပါတယ်။ အပြင်မထွက် ရပါဘူး။ ခွဲစိတ်နေစဉ်အခါမှာလည်း ခွဲစိတ်ခန်းထဲမှာပဲ နေရပါတယ်။ ခွဲစိတ်ခန်းရဲ့ အပြင်မှာ မနေရပါဘူး။ အလားတူပါပဲ၊ ဒီမှာ စိတ်ကိုခွဲစိတ်မူ ပြုပြင်မူတွေ ပြုလုပ်နေစဉ်အခါမှာ ဒီတရားစခန်းရဲ့ သတ်မှတ်ထားတဲ့နေရာတွေ မှာပဲ နေသင့်ပါတယ်။ စိတ်ဓာတ်ကို ခွဲစိတ်ရာမှာ အင်မတန်အတွင်း နက်နက် ခွဲစိတ်ရတာမို့ ဒီလုပ်ငန်းဟာ အထူးသတိနဲ့ လုပ်ရပါတယ်။ အင်မတန်လေးနက်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment