Friday, 10 February 2012

လောင်နေတဲ့ မီးခဲကို ရေနဲ့လောင်းသလို

ဥပမာဆိုကြစို့၊ အိမ်ရှင်အမျိုးသမီးတစ်ဦးဟာ မီးသွေးမီးဖိုနဲ့ ထမင်းဟင်းချက်ပြီး မီးကို နောက်ထပ်မလိုတော့တဲ့ အခါကျတော့ ရေအေးအေးယူပြီး လောင်နေတဲ့ မီးခဲတွေကို ရေနဲ့လောင်းပြီး မီးငြှိမ်းလိုက်ပါတယ်။ အင်မတန်ပူနေတဲ့မီးခဲတွေနဲ့ ရေအေးအေး ထိတွေ့ကြတဲ့အခါမှာ အပူနဲ့ အအေးတုံ့ပြန်မူကြီးဖြစ်ပြီး ရှူးခနဲဖြစ်ပါတယ်။


အိမ်ရှင်မက နောက်ထပ် ရေလက်တစ်ခုတ်ယူလာပြီ လောင်းပြန်ပါတယ်။ နောက်ထပ် ရှူးခနဲ ဖြစ်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ ရှူးခနဲ ရှူးခနဲ မီးသေသွားတဲ့အထိ ဖြစ်နေပါလိမ့်မယ်။ မီးရဲ့ အပူအအေးအရှိန်နဲ့ ရေရဲ့အပူအအေးအရှိန်တို့ဟာ တူညီမျှတကြတဲ့အခါကြတော့ ရှူးခနဲ မဖြစ်တော့ပါဘူး။ အဲဒီအခါကျတော့ ရေဟာ လက်တစ်ခုတ်နဲ့သာ မဟုတ်ဘူး၊ ရေတစ်ပုံလုံးနဲ့ လောင်းရင်တောင်မှ ရှူးခနဲ မဖြစ်တော့ပါဘူး။ မီးနဲ့ရေနဲ့ တုံ့ပြန်မူမှ မဖြစ်တော့ဘဲကိုး။ အပူနဲ့ အအေးက မျှတသွားပြီဖြစ်တဲ့အတွက်ကြောင့် ဒီလိုဖြစ်ကြပါတယ်။

ပူနေတဲ့ မီးဖိုထဲမှာ ရေမလောင်းဘဲ ရေအစာ မီးသွေးပူပူတွေ ထပ်ပြီး လောင်းထည့် ပြန်ရင်လဲ တုံ့ပြန်မူ မရှိတော့ပါဘူး။ ရှူးခနဲလဲ မဖြစ်ပါဘူး။ အပူအပူချင်း အသာတကြည်ပဲ လက်ခံလိုက်ကြပါတယ်။ ဒါဟာ သဘာဝဓမ္မပါပဲ။

တစ်ခါတလေလဲ ယောဂီတချို့က လာပြီးပြောတတ်ပါတယ်။ “ဒီလိုညောင်းတာ၊ ညာတာ၊ ကိုက်တာခဲတာတွေဟာ ထိုင်ရတာ ကြာလွန်းလို့။ မနက် ၄နာရီ၊ ၄နာရီခွဲကနေ ည ၉နာရီ၊ ၉နာရီခွဲအထိ ထိုင်နေကြရတာ။ ထိုင်နေကြမှမဟုတ်ဘဲ။ ဒါကြောင့်နာတာ ကျင်တာ ထုံတာပါ”လို့ ပြောပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် တစ်ပိုင်းတစ်ဝက်ပဲ မှန်ပါတယ်။ လုံးဝမှန်တာတော့ မဟုတ်ပါဘူး။

ယောဂီတချို့ဟာ စထိုင်လို့ ၁၀မိနစ်လောက်ပဲ ရှိပါသေးတယ်၊ နာကုန်ကြပြီ။ ရုပ်ရှင်တို့ ဇာတ်ပွဲတို့ အပျော်အပေါး နေရာတွေ သွားကြရင်တော့ အကြာကြီးထိုင်နိုင်ကြသားပဲ။ နာလည်းမနာဘူး။ ကိုက်လည်းမကိုက်ဘူး။ ထွက်ပြေးချင်တဲ့စိတ်လည်း မပေါက်ဘူး။ အန်ချင်အော့ချင်လည်း မဖြစ်ဘူး။ အိပ်ငိုက်တာလဲ မရှိဘူး။ တရားထိုင်တဲ့အခါကျတော့ တယ်ပြီးအိပ်ငိုက်တာပဲ၊ မျက်စိကို မဖွင့်နိုင်ဘူး၊ တရားထိုင်တာလည်း ရပ်လိုက်ရော အိပ်ငိုက်တာ အားလုံးလည်း တစ်ခါတည်းပြေးရော။ တစ်ခါ တရားပြန်ထိုင် ပြန်ရင် ပြန်အိပ်ငိုက်လာပြန်ရော၊ ဒါဟာဘာလဲ။ ဘာဖြစ်တာပါလဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment